၂၆.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဒီဇင်ဘာလ ၂၄ ရက်၊ ခရစ္စမတ်အကြိုနေ့က အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့ကနေ ဟာဝိုင်အီပြည်နယ်၊ Maui ကျွန်းကိုပျံသန်းလာတဲ့ United Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဟာ လေဆိပ်ကိုဆင်းသက်အပြီးမှာ ဘီးတွင်းလို့ခေါ်ကြတဲ့ လေယာဉ်ဘီးအုံထားရှိရာ တွင်းထဲမှာ လူသေအလောင်းတစ်ခု တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။
United Airlines လေကြောင်းလိုင်းက ဒီဇင်ဘာလ ၂၅ ရက်မှာ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာလည်း Maui ကျွန်း၊ ကာဟူဟီလေဆိပ်ကိုရောက်ရှိချိန်မှာ United Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းရဲ့ အဓိကလေယာဉ်ဘီးအုံတွင်းအထဲမှာ လူသေအလောင်းတစ်ခုကို ဒီဇင်ဘာလ ၂၄ ရက်က တွေ့ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
လေယာဉ်က ဘိုးရင်း ၇၈၇-၁၀ လေယာဉ်အမျိုးအစားဖြစ်ကာ ပျံသန်းမှုခရီးစဉ် UA202 အရ ဟာဝိုင်အီပြည်နယ်၊ Maui ကျွန်းကိုရောက်ရှိလာတာဖြစ်ပါတယ်။ ကြေညာချက်မှာ လေယာဉ်ဘီးအုံအတွင်းကို လေယာဉ်အပြင်ဘက်မှသာ ဝင်ရောက်နိုင်တယ်လို့လည်း လေကြောင်းလိုင်းက ဆိုပါတယ်။
သေဆုံးနေသူအနေနဲ့ လေယာဉ်ဘီးအုံတွင်းအတွင်းကို ဘယ်လိုရောက်ရှိနေလဲ၊ ဘယ်လိုသေဆုံးနေလဲဆိုတာ တိတိကျကျ မပြောနိုင်သေးဘူးဖြစ်နေပါတယ်။
လေယာဉ်ခိုးစီးသူတွေ အများစုက လေယာဉ်ဘီးအုံတွင်းအတွင်း ပုန်းအောင်းလိုက်ပါတတ်ကြတယ်လို့ အမေရိကန်ပြည်ထောင်စုလေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးအဖွဲ့က ပြောခဲ့ပါတယ်။ ဒါပေမယ့် လေယာဉ်ဘီးတွေ ပြန်သိမ်းပြီးတဲ့အခါမှာ ဒီဘီးအုံတွင်းထဲ ကားတစ်စီးရဲ့နောက်ဘက် ပစ္စည်းထားတဲ့အခန်းထက် ပိုငယ်တဲ့ နေရာလွတ်တစ်ခုသာ ရှိတော့တာမို့ ဒီလိုခိုးစီးသူတွေအဖို့နေရာများစွာမရဘဲ ဖိသိပ်ထားသလို ခံကြရတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် လေယာဉ်က ပျံသန်းနေစဉ် အမြင့်ပေ ပိုလို့ ရောက်ရှိလာချိန်မှာ ဒီဘီးတွင်းတွေထဲမှာ အောက်ဆီဂျင်ရရှိမှုနည်းသွားပြီး လေယာဉ်ခိုးစီးသူတွေအဖို့ သတိရလျက်ရှိဖို့ ခက်ခဲလာပါတယ်။ လေယာဉ်အပြင်ဘက်မှာ အပူချိန်အလွန်ကျဆင်းကာ ဘီးတွင်းတွေထဲမှာ လေယာဉ်ခိုးစီးသူတွေအဖို့ နှင်းကိုက်ဝေဒနာနဲ့ အပူချိန်အလွန်အမင်းကျဆင်းမှုတို့ဖြစ်ပေါ်ကာ သေဆုံးသည်အထိ ဖြစ်နိုင်ကြတာပါပဲ။
Ref- CNN