၂၆. ၁၂. ၂၀၂၄
Written by Nay Moe
PDF များပါဝင်သော လူသတ်လုယက်မှုများ မကြာခဏဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့နံနက်ပိုင်းအချိန်က လူသတ်ပြီး ကားတစ်စီးလုယက်ယူဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ယနေ့မနက်အစောပိုင်းတွင် မုံရွာမြို့ပေါ်တစ်နေရာ၌ (SGG 4D/4110) Wish အဖြူရောင်ကားတစ်စီးအား ပိုင်ရှင့်အိမ်၌ လူသတ်ဓားပြတိုက်ပြီး ယူဆောင်သွားပါသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တရားခံများအား ကိုယ့်နယ်မြေအတွင်းမှာ တွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်းပြီး မုံရွာမြို့နယ် ပလဖ အားအကြောင်းကြားပေးပါရန် အသိပေးထုတ်ပြန်လိုက်ပါသည်” မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဥ်မှာ မုံရွာမြို့၊ မိုးကောင်းလမ်းရှိ အဟောင်းပစ္စည်းရောင်းဝယ်သည့်ဆိုင်ရှင်အမျိုးသမီးကို အမျိုးသမီးများပါဝင်သော PDF အဖွဲ့ဟု ယူဆရသည့်လက်နက်ကိုင်များက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ရှင်ကို ပြန်ပေးဆွဲချိန် မလိုက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ ဆိုင်ရှင်အမျိုးသမီးကို သေနတ်ဖြင့် လေးချက်ခန့်ပစ်သတ်ကာ ကားလုယက်သွားကြခြင်းဖြစ်သည်ဟုလည်း ကနဦးသိရသည်။
“အမျိုးသမီးတွေ လက်နက်ကိုင် ပစ်တတ်ခတ်တတ်လာတာက PDF တွေပေါ်လာမှလေ။ အခုနောက်ပိုင်း မုံရွာဓားပြတိုက်လူသတ်မှုက PDF တွေနဲ့ ဆက်နွှယ်နေတာချည်းပဲ။ အခုလည်း အမျိုးသမီးတွေနဲ့ လာပြီးပြန်ပေးဆွဲတာ၊ ဆွဲမရတော့ လူသတ်ပြီး ကားလုသွားတာဆိုတော့ PDF တွေ လုပ်တာလို့ပဲ ဒေသခံတွေက ယုံကြတာ။ အခု ကားနံပါတ်ရော၊ ဖြစ်စဥ်ရော သိတာဆိုတော့ မုံရွာပလဖနဲ့ PDF တွေက လိုက်ဖမ်းနေတာ။ တပ်နဲ့ရဲက မိသွားလို့ အကုန်ပေါ်ရင် ပိုဆိုးမှာကိုး။ ပလဖမိလည်း အရင်အမှုတွေလိုပဲ ဟိုလိုလိုဒီလိုလိုပြီးသွားမှာပါပဲ”ဟု မုံရွာမှ လုပ်ငန်းရှင်တစ်ဦးက မုံရွာမြို့မှာဖြစ်ပွားရသည့် လူသတ်လုယက်မှုများနှင့် ပတ်သက်ပြီး သုံးသပ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်တွင်ရှိသည့် နဝရတ် စိန်၊ ပလက်တီနမ်ရတနာဆိုင်ကို စျေးဝယ်ဟန်ဆောင်ပြီး ရောက်လာသည့် PDF ငါးဦးက ဓားပြတိုက်ကာ ဆိုင်ရှိ စိန်ရွှေရတနာပစ္စည်း ကျပ်သိန်း ၁၅၀၀၀ ကျော်ဖိုး အကုန်လုယက်သွားကြပြီး ထိုဖြစ်စဥ်ကို မုံရွာပလဖက လိုက်လံဖမ်းဆီးရာမှ အမျိုးသမီးနှစ်ဦး ပါဝင်သော PDF ၉ ဦးအဖွဲ့က ဓားပြတိုက်ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ကာ ၇ ဦးဖမ်းမိသော်လည်း လုယက်ခံစိန်ရွှေရတနာများကို မုံရွာပလဖက ပြန်ပေးခြင်းမရှိသေးချေ။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၀ ရက်ကလည်း မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ်ကို Monywa Force PDF အဖွဲ့မှ PDF ၇ ဦးပါဝင်သောအဖွဲ့က ဓားပြတိုက်ကာ မွေးဖွားရက်နီး ကိုယ်ဝန်ဆောင်အမျိုးသမီး မအေးငြိမ်းသူကို ပစ်သတ်ခဲ့သလို ထိုဖြစ်စဥ်ကိုလည်း မုံရွာပလဖက Live လွှင့်ပြီးမှ သတင်းပြန်ဖြုတ်ချကာ ထိုဖြစ်စဥ်ကိုလည်း လူထုမေ့ပျောက်အောင် သတင်းဖုံးခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကလည်း ဒလန်ဆိုင်ဟု သတင်းလွှင့်ခံရသည့် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေမုံရွာ ရတနာရွှေဆိုင်ကို PDF များက ဓားပြတိုက်ကာ ဆိုင်ရှင်အမျိုးသားကိုပါ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။
ယင်းအပြင် သိန်းတရာရွှေဆိုင်ကိုလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် လူ ၄ ဦးပါသော အဖွဲ့က ဓားပြတိုက်ကာ ထိုအချိန်ကရွှေစျေးအရ ကျပ်သိန်း ၃၀၀၀၀ ကျော် တန်ဖိုးရှိ ရွှေ ၁၀ ပိဿာခန့်လုယက်မှုလည်းဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဥ်ကို PDF များ ကျုးလွန်ကြောင်းလည်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ကာ PDF များဘက်ကမူ တုံ့ပြန်ရှင်းလင်းနိုင်ခြင်းမရှိခဲ့ချေ။
ပုံစာ။ မုံရွာတွင်ဖြစ်ပွားသော လူသတ်ဓားပြမှုများမှ ကျုးလွန်သူ PDF များ မြင်ကွင်းနှင့် ဖြစ်စဥ်ပုံရိပ်အချို့ တွေ့ရစဥ်။