◾ သေနတ်ဒဏ်ရာရ၍ ဆေးကုသမှုခံယူနေရသော စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ကွယ်လွန်ရှာ
၂၇.၁၂.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၃၅)၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအုပ်ချုပ်ရေးမှုးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူနှစ်ဦး ဖမ်းမိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ MT News က စုံစမ်းသိရှိရသည်။
သေနတ်ဒဏ်ရာရခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေသည် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နံနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနတွင် ကုသမှုခံယူနေစဉ်ကွယ်လွန်ရှာပြီဖြစ်ကြောင်းလည်း သိရသည်။
“အခု နှစ်ယောက်ဖမ်းမိထားတယ်။ စစ်ဆေးတာတွေလုပ်နေတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်က အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက် (-)၊အမှတ် (-) အဆောင်တွင်လွန်ခဲ့သည့်ရက်အနည်းငယ်မှ ဒီဇင်ဘာလ ၁၅ ရက်ထိ ငှားရမ်းနေထိုင်သူ၊ လှိုင်သာယာမြို့နယ်၊ (-) ရပ်ကွက်၊ သိင်္ဂီ (-) လမ်း၊အမှတ် ၉၁၄/၉၁၅ တွင်လည်းနေထိုင်ခဲ့သူ အသက် ၂၉ နှစ်အရွယ် ဇော်ဇော်ဘို (ဘ) ဦးသိန်းဇော်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် ၇/ပခန (နိုင်)၄၄၂၁၃၀ နှင့် အသက် ၂၅ နှစ်အရွယ် နွေးနွေးအိ (ဘ)ဦးတင့်လွင်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် ၁၂/ ဥကမ(နိုင်)၂၇၀၆၇၈ တို့ကို သတင်းအရ သက်ဆိုင်ရာက သေနက်တစ်ချက်ပစ်ဖောက်၍ ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၄င်းတို့ထံမှ သေနတ်အတိုတစ်လက်(အမျိုးအစားမသိ)နှင့်ကျည်ဆံအချို့ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်သမားများထွက်ဆိုချက်အရ ဒီဇင်ဘာလ၂၄ ရက် နံနက်ပိုင်းက စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့ဟု ဝန်ခံထွက်ထားကြကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီ မိနစ်၂၀ ခန့်အချိန်က ရုံးလုပ်ငန်းများလုပ်ဆောင်နေသည့် အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည့်သတင်းကို MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။