၂၆.၁၂.၂၀၂၄
Translated by Htwe Ko Tun
အဇာဘိုင်ဂျန်နိုင်ငံမှ ရုရှားနိုင်ငံသို့ ပျံသန်းလာသော အဇာဘိုင်ဂျန်လေကြောင်းမှ Embraer 190 လေယာဉ်သည် ကာဇက်စတန်နိုင်ငံအတွင်း ဒီဇင်ဘာလ ၂၅ ရက်က ပျက်ကျခဲ့ရာ၌ စုစုပေါင်းသေဆုံးသူ အနည်းဆုံး ၃၈ ဦးရှိခဲ့ပြီး ၂၉ ဦး အသက်ရှင်ကျန်ရစ်ကြောင်း ကာဇက်စတန်အာဏာပိုင်များက တရားဝင်ပြောကြားခဲ့ကြသည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၆၂ ဦးနှင့် လေယာဉ်ဝန်ထမ်းငါးဦး စုစုပေါင်း ၆၇ ဦး လိုက်ပါလာကြခြင်းဖြစ်ကြောင်း၊ အသက်ရှင်ကျန်ရစ်သူ ၂၉ ဦးတွင် ကလေးနှစ်ဦးပါဝင်ပြီး ၎င်းတို့ကို အပျက်အစီးများကြားမှ ဆွဲထုတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ အသက်ရှင်ကျန်ရစ်သူများအနက် ၁၁ ဦးမှာစိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း ကာဇက်စတန် ဒုတိယဝန်ကြီးချုပ် ကာနတ်ဘိုဇွမ်ဘာရက်ဗ်က ပြောကြားခဲ့သည်။
လေယာဉ်က အဇာဘိုင်ဂျန်မြို့တော် ဘာကူမြို့မှ ပျံသန်းမှုခရီးစဉ် J2-8243 အရ ရုရှားနိုင်ငံ၊ ချေချင်းညှာဒေသ၊ ဂရို့ဇ်နီမြို့သို့ ပျံသန်းလာစဉ် အရေးပေါ်ဆင်းသက်မှုမပြုလုပ်မီ ကာဇက်စတန်နိုင်ငံ Aktau မြို့လေဆိပ်မှ သုံးကီလိုမီတာခန့်အကွာတွင် ပျက်ကျခဲ့ခြင်းဟုလည်း သိရသည်။
ဗီဒီယိုများအရ လေယာဉ်ကပျက်မကျမီ လေဆိပ်ပတ်ဝန်းကျင်အားဝဲပတ်လျက် အရေးပေါ်ဆင်းသက်ရန် ကြိုးစားပျံသန်းနေသည်ကို တွေ့ကြရပြီး ပျက်ကျ၍ မြေပြင်နှင့်အထိတွင် မီးတောက်ကြီးများတက်လာသည်ကိုတွေ့ကြရသည်။ လေယာဉ် ၏ဦးပိုင်းမှာ မီးလောင်သွားခဲ့ကြောင်းလည်း သိရသည်။
လေယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည် ၆၂ ဦးတွင် အဇာဘိုင်ဂျန်နိုင်ငံသား ၃၇ ဦး၊ ကာဇက်စတန်နိုင်ငံသား ခြောက်ဦး၊ ကာဂျစ်စတန်နိုင်ငံသား သုံးဦးနှင့် ရုရှားနိုင်ငံသား ၁၆ ဦးတို့ပါဝင်ကြောင်း စစ်ဆေး တွေ့ရှိချက်များက ဖော်ပြခဲ့သည်။
လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို အတိအကျ မပြောနိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ကာဇက်စတန် အာဏာပိုင်များက ပြောခဲ့သည်။
Ref- CNN