၂၅. ၁၂. ၂၀၂၄
Written by Nay Moe
ရဲဗလဆုရ အုပ်ချုပ်ရေးမှူးမိသားစုသုံးဦးကို ဝမ်းတွင်း PDF အဖွဲ့ဖြစ်တဲ့ “Wundwin Township Revolution Force” WTRF အဖွဲ့က မိသားစုလိုက်သတ်ဖြတ်လိုက်တယ်လို့ Voice of Wundwin က ဒီဇင်ဘာ ၂၃ ရက်မှာ ဖော်ပြလာတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဝမ်းတွင်း PDF WTRF ဟာ ဦးမောင်လွင်မိသားစုဆီက ပိုင်ဆိုင်မှု သိန်း ၂၁၀ ဖိုးလောက်ပါ လုယက်သွားကြတာလို့ ထပ်မံသိရပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းဖော်ပြမှုအရ” ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်လွင်(၅၂)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မြင့်နိုင်(ခ)ဒေါ်မြင့်ခိုင်(၅၂)နှစ်၊ သားဖြစ်သူ ကိုဖိုးလပြည့်(၂၂)နှစ်တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ ရွှေဆွဲကြိုး ၂ ကုံး၊ ဟန်းချိန်း ၂ ခု၊ ရွှေလက်စွပ် ၄ ကွင်း၊ Honda Wave 110 အမျိုးအစား ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းတန်ဖိုးငွေ ၂၁၀ သိန်းကျပ်ခန့်တို့အား လုယက် ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးမောင်လွင်ပါ ၃ ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်” လို့ ထုတ်ပြန်ခဲ့တာပါ။
ဦးမောင်လွင်မိသားစုကို WTRF အဖွဲ့က သတ်ဖြတ်လိုက်ကြောင်း MT News က ဒီဇင်ဘာ ၂၃ ရက်ကတည်းက WTRF ရဲ့ Voice of Wundwin ထုတ်ပြန်မှုအတိုင်း သတင်းဖော်ပြခဲ့တာပါ။ ဒါပေမဲ့ Voice of Wundwin နဲ့ WTRF အဖွဲ့က ဦးမောင်လွင်မိသားစု ပိုင်ဆိုင်မှုတွေ သူတို့ လုယက်ခဲ့တာကို ထိန်ချမ်ခဲ့တာကြောင့် ဒီနေ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထပ်ဆင့်ထုတ်ပြန်မှုအရ ဦးမောင်လွင် မိသားစုလိုက် WTRF က သတ်ဖြတ်တဲ့အပြင် ပိုင်ဆိုင်မှုတွေကို လုယက်ခဲ့တယ်ဆိုတာကို ထပ်မံတင်ဆက်နိုင်တာပါ။
ဦးမောင်လွင်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ၂၀၂၂ ခုနှစ် လွတ်လပ်ရေးနေ့မှာချီးမြှင့်တဲ့ ရဲဗလတံဆိပ်ရရှိသူဖြစ်ပြီး ဒီအပေါ်မှာ မန္တလေးတိုင်းအစိုးရက ထပ်ဆင့်ဂုဏ်ပြုလွှာကိုလည်း ဦးမောင်လွင်တို့ မိသားစုလိုက်ကိုသတ်ဖြတ်တဲ့ WTRF ကိုယ်စား Voice of Wundwin က ဖော်ပြခဲ့တာလည်း တွေ့ရှိရပါတယ်။