၂၅. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပုဂံရှေးဟောင်းနယ်မြေအတွင်း ရေမြောင်းဖောက်လုပ်စဉ် တူးဖော်ရရှိသည့် မြေအိုးအတွင်းမှ ရှေးဟောင်း ရွှေထည်ပစ္စည်းများအား တာဝန်ရှိသူများထံ အပ်နှံခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် ထုခွဲရောင်းချခဲ့သူများကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများအား လုပ်ကိုင်ခွင့်ရရှိထားသူ ဦးညို(ခ) ကိုကိုညို(စိစစ်ဆဲ)သည် ပန်းရံအလုပ်သမားများဖြစ်ကြသော အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုး၊ ဇေယျာဖြိုး၊ ဝင်းဇော်၊ ကျော်စိုးနိုင်၊ ဇွဲမာန်၊ ကိုငယ်၊ သန်းထွန်းအေး၊ အောင်သူဖြိုး၊ အောင်ကျော်မိုး၊ ဟန်ဝင်းသူ၊ မောင်တိုးတို့ ၁၃ ဦးနှင့်အတူ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ရှေးဟောင်းမြေအိုး ၁ လုံး တူးဖော်ရရှိခဲ့သည်။
အဆိုပါမြေအိုးအတွင်းမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခု၊ ရွှေဘယက်အချို့အား တူးဖော်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနိုင်ရန် အောင်ဖြိုးမှ ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခုတို့ကို ယူဆောင်ပြီး ကျန်ရွှေဘယက်နှင့် အခြားရွှေထည် ပစ္စည်းများကို ဦးညို(ခ )ကိုကိုညိုမှ အသီးသီးခွဲဝေယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ် သိရှိရသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နိုဝင်ဘာလ ၉ ရက်နေ့တွင် ရှေးဟောင်းရွှေထည်ပစ္စည်းများ တူးဖော်ရရှိခဲ့သူ အောင်ဖြိုး၊ စိန်ထွန်းနှင့် အောင်မိုးတို့ ၃ ဦးအား ၎င်းတို့၏နေအိမ်အသီးသီးမှ သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်စစ်ဆေးခဲ့ရာ တရားခံအောင်ဖြိုးက မန္တလေးမြို့ရှိ ဦးတင်မောင်ဆွေ (စိစစ်ဆဲ)၏ နေအိမ်တွင် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းအလေးချိန် ၁၃ ကျပ်သားခန့်အား ငွေကျပ်သိန်း ၅၄၀ ဖြင့် ရောင်းချခဲ့ကြောင်း ဆက်လက်ဖော်ထုတ်နိုင်ခဲ့သည်။
ဦးညို(ခ)ကိုကိုညိုမှ ၎င်းခွဲဝေရရှိထားသည့် ရွှေထည်ပစ္စည်းအချို့အား သိန်း ၉၄၀ ကျပ်ဖြင့် ရောင်းချခဲ့ကာ အဆိုပါရရှိငွေများထဲမှ အလုပ်သမားများဖြစ်သူ စိန်ထွန်းပါ ၁၂ ဦးအား တစ်ဦးလျှင် ၅၂ သိန်းခွဲနှုန်းဖြင့် ခွဲဝေပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး တရားခံအောင်မိုးထံမှ သက်သေခံ ရှေးဟောင်းရွှေထည်ပစ္စည်း ရွှေလက်ကောက်အကွေး ၅ ခုအား လည်းကောင်း၊ တရားခံအောင်ဖြိုးထံမှ သက်သေခံရှေးဟောင်းရွှေထည်ပစ္စည်း ရွှေခဲ ၃ ခု၊ ရွှေထည် ပစ္စည်းမျိုးစုံ ၄ ကျပ်၊ ၁ဝ၊ ပဲ ၃ ရွေးနှင့် ရွှေထည်ပစ္စည်းအပိုင်းအစ ၁၆ ခု၊ ၁၃ ကျပ်၊ ၆ ပဲ၊ ၂ ရွေး တို့အား အသီးသီး ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။
ရှေးဟောင်းရွှေထည်ပစ္စည်းများအား တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်း မရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် ထုခွဲရောင်းချခဲ့သူ အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုးတို့ ၃ ဦးနှင့် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်ကြသည့် ဦးညို(ခ)ကိုကိုညိုပါ ၁၁ ဦးတို့အား ပုဂံနယ်မြေရဲစခန်း(ပ) ၂၅/၂၀၂၄၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၇/၁၉ ဖြင့် အမှုရေးဖွင့်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။