၂၅. ၁၂. ၂၀၂၄
Written by Nay Moe
ဟောင်စု ဆိုတာ ကောင်းမွန်မြင့်မြတ်ခြင်းတွေစုစည်းထားတယ်ဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ကြောင်း ဟောင်စုဆေးပရုတ်ဆီက ဖြေရှင်းထားသလို ဖြူဖြူထွေးနဲ့ ဇာတ်ညွှန်းရေးသူကပါ လက်အုပ်ချီမိုး တောင်းပန်ထားပါတယ်။
ဟောင်စု ဆေးပရုတ်ဆီကြော်ငြာမှာ ဖြူဖြူထွေးအနေနဲ့ မယ်တော်ဟောင်စုလို့ သရုပ်ဆောင်ခဲ့မှုက ဒေါ်အောင်ဆန်းစုကြည်က ခွေးလို ဟောင်နေတယ်လို့ တိုက်ခိုက်တာဆိုတာမျိုး နာမည်အပေါ်ခံစားပြီး ဒေါ်အောင်ဆန်းစုကြည်၊ NUG နဲ့ PDF ထောက်ခံသူတွေက ဝေဖန်တိုက်ခိုက်ပြီး ဖြူဖြူထွေးကို ရွှေတင်ဆိုသူ အမျိုးသမီးထောက်ပို့အပါအဝင် PDF ထောက်ပို့တွေက ဆုငွေထုတ် သတ်ဖြတ်ဖို့အထိ ခြိမ်းခြောက်လာသလို Black Hero UG PDF နဲ့ Dark Shadow PDF အဖွဲ့ကလည်း ဖြူဖြူထွေးနဲ့ မိသားစုကို သတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ Haosu.Balm က လူမှုကွန်ရက် Page မှာ ဖော်ပြရာမှာ “၂၀၀၇ ခုနှစ် ထဲက ထိုင်ဝမ်နည်းပညာနဲ့ မြန်မာပြည်မှာ စတင် ထုတ်လုပ်ခဲ့လို့
HAO ဆိုတာ တရုတ်ဘာသာနဲ့ ကောင်းမွန်ခြင်း မွန်မြတ်ခြင်း မင်္ဂလာရှိခြင်းကို ရည်ညွှန်းတဲ့ စကားထားပြီး SU ဆိုတာက မြန်မာမှာ စုစည်းထားခြင်း ပေါင်းစပ်ထားခြင်း စွမ်းအားရှိခြင်းကို ရည်ရွယ်ချင်လို့ HAOSU (ဟောင်စု) -ကောင်းမွန်မြင့်မြတ်ခြင်းတွေစုစည်းထားတဲ့မိသားစုတိုင်းအတွက် ပျော်ရွှင်ခြင်းကို ယူဆောင်ပေးမဲ့တဲ့ အစွမ်းထက်တဲ့ဆေးအဖြစ်ရိုးရှင်းတဲ့ အမည်လေးပေးဖြစ်ခဲ့ တာဖြစ်ပါတယ်။ ၁၇ နှစ်တိုင်အောင် ရောင်းချခဲ့တဲ့ ကောင်းမွန်မြင့်မြတ်ခြင်းတွေစုစည်းထားတဲ့ အစွမ်းထက်တဲ့ ဆေးလေးဖြစ်တာကြောင့် မိဘပြည်သူများ ယုံယုံကြည်ကြည်သုံးစွဲကြပါနော်” လို့ ရေးသားထားပါတယ်။
ဒီဆေးကြော်ငြာမှာ ဖြူဖြူထွေးက ဇာတ်ညွှန်းအတိုင်းသာ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီလို ဝေဖန်ခံရတဲ့ ရိုက်ကူးမှုနဲ့ ဇာတ်ညွှန်းရေးသားမှု အတွက်လည်း ဖြူဖြူထွေးနဲ့ ဇာတ်ညွှန်းဆရာက လက်အုပ်ချီမိုး တောင်းပန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်မှာ ၇၉ နှစ်ပြည့်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေအဖို့ အသက် ၂၀ ကြမှ ရဟန်းခံရတာဖြစ်ပေမဲ့ မိခင်ဗိုက်ထဲက အသက်ကိုလည်း ထည့်ပေါင်းတွက်ချက်ပေးတတ်လို့ လအနုဆုံး ၇ လာနဲ့ မွေးတဲ့သူတွေက အနည်းဆုံး ၁၉ နှစ်နဲ့ ၅ လကျော်ရင် ရဟန်းခံခွင့်ရှိတာမို့ ၇၉ နှစ်ကို ၆ လကျော်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၀ အရွယ်ရှိနေပြီလို့ ပြောရမှာ ဖြစ်ပြီး ပရုတ်ဆီထုတ်လုပ်တဲ့ လုပ်ငန်းရှင်နဲ့ ဇာတ်ညွှန်းရေးဆရာကို ဝေဖန်မှုတောင်မရှိဘဲ ဖြူဖြူထွေးကိုပဲ သတ်ဖြတ်ဖို့အထိ ဆုငွေထုတ် တိုက်ခိုက်နေသူတွေဟာ ဖြူဖြူထွေးနဲ့ ဇာတ်ညွှန်းရေးဆရာ တောင်းပန်နေပေမဲ့ ဆက်လက်တိုက်ခိုက်နေတယ်ဆိုတာ တွေ့ရပါတယ်။
ဒီအခြေအနေတွေအပေါ် NLD ဗဟိုသုတေသနဌာနမှူး ဦးမျိုးရန်နောင်သိန်းရဲ့ ညီ ဦးမျိုးထိုက်တန်သိန်းက သုံးသပ်ရာမှာ တော်လှန်ရေးအလှူငွေတွေ ကိုယ်ကျိုးသုံးနေတယ်လို့ သတင်းထွက်ပေါ်နေသူ ပန်ဆယ်လိုဟာ အရက်ဆိုင်ကြီးတစ်ခု ထပ်မံဖွင့်လှစ်လိုက်ပြီး ဒီလို အလှူငွေနဲ့အရက်ဆိုင်ဖွင့်တာက တောမီးပမာပျံ့နှံ့လာနေတာ ဖုံးကွယ်ဖို့ ပန်ဆယ်လိုထောက်ခံသူတွေဟာ ဖြူဖြူထွေးကို ဝိုင်းပြီးထိုးချနေတာဖြစ်ကြောင်းနဲ့ ဖြူဖြူထွေးက အမေစုကို တိုက်ခိုက်နေတာမဟုတ်ဘဲ ဟောင်စု ဆေးပရုတ်ဆီကို ရိုးသားစွာကြေညာတာသာဖြစ်တယ်လို့ ယုံကြည်ကြောင်း လူမှုကွန်ရက်မှာ ရေးသား ဖော်ပြထားပါတယ်။