၁၀. ၁. ၂၀၂၃
Written by Pan Ei
You Are the Apple of My Eye ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေကြားမှာလည်း လူသိများတဲ့ ထိုင်ဝမ်မင်းသား Kai Ko ဟာ ဇာတ်လမ်းတွဲရိုက်ကွင်းမှာ သူ့ကို အနီးကပ်ရိုက်ကူးနေတဲ့ ဒရုန်းနဲ့ ရိုက်မိခဲ့ပြီး မျက်နှာမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထိုင်ဝမ် Netflix ကထုတ်လွှင့်မယ့် စိတ်ကူးယဉ်စီးရီး Agent From Above ရိုက်ကွင်းမှာ မင်းသား Kai Ko ဟာ သူ့ပါးရိုးနေရာကို အနီးကပ်ရိုက်ကူးနေတဲ့ ဒရုန်းနဲ့ ရိုက်မိချိန်မှာ မျက်နှာမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဆိုပါမတော်တဆမှုက မင်းသားရဲ့မျက်နှာကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့ကာ အချက် ၃၀ လောက်အထိ ချုပ်ခဲ့ရပြီး လက်ရှိမှာတော့ မင်းသား Kai Ko ဟာ ဆေးကုသမှု ခံယူနေတယ်လို့ မင်းသားရဲ့မန်နေဂျာက ထိုင်ဝမ်သတင်းစာ United Daily News ကို တနင်္လာနေ့ (ဇန်နဝါရီ ၉ ရက်) က ပြောကြားခဲ့ပါတယ်။
အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး ထုတ်လုပ်ရေးကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဒရုန်းကို အကာအကွယ်တွေနဲ့ ရိုက်ကူးခဲ့ပေမယ့် ကံမကောင်းစွာနဲ့ဘဲ မင်းသားရဲ့ ပါးရိုးနေရာကို မတော်တဆ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာပါ။ စုံစမ်းစစ်ဆေးရေးတွေလည်း လုပ်ဆောင်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မင်းသား Kai Ko ဟာ You Are the Apple of My Eye ဇာတ်ကားနဲ့ ၂၀၁၁ ခုနှစ်ရဲ့ ရွှေမြင်းဆုပေးပွဲမှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ လျှို့ဝှက်ဆန်းကြယ်အက်ရှင်ဇာတ်ကား Bad Educationနဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။
Ref; CNA