၂၅. ၁၂. ၂၀၂၄
Translated by Thettant
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ ဖာရ်ကွန်ရွာသားဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ပူးဆန်ဂ်ကိမာ ( Pu Sangkima) ဟာ မြန်မာစစ်ဘေးရှောင်အမျိုးတွေဆီလာလည်တဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုး သုံးဦးရဲ့ရိုက်နှက်မှုကြောင့် ဒီဇင်ဘာလ ၂၄ ရက်မှာသေဆုံးသွားတယ်လို့ Farkawn Young Mizoran Association က ထုတ်ပြန်ထားပါတယ်။
ပူးဆန်ဂ်ကိမာ သေဆုံးရမှုနဲ့ ပတ်သက်လို့ ဖာရ်ကွန်ရွာ၊ Zawra Veng – Young Mizo Association က ဒီဇင်ဘာ ၂၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ရာမှာ ပူးဆန်ဂ်ကိမာဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဖာရ်ကွန်ရွာအနီး ချောင်ဝ်တွေ (Chawngtui) လမ်းဆုံနားမှာ ချင်းလူမျိုးသုံးဦးရဲ့ ရိုက်နှက်ခံခဲ့ရလို့ ဖာရ်ကွန်ရွာကို ပြန်လည်သယ်ဆောင်ပြီး ချက်ချင်း ချန်ဖိုင်ခရိုင်ဆေးရုံကို သယ်သွားခဲ့ပေမဲ့ မသက်သာတာကြောင့် နိုဝင်ဘာလ ၂ ရက်နေ့မှာ အိုင်ဇောလ်မြို့က ZMC ဆေးရုံကို ထပ်မံလွှဲပြောင်းပေးခဲ့ပြီး ဦးနှောက်ထဲ သွေးဝင်တာကို ခွဲစိတ်ခဲ့သလို နိုဝင်ဘာလ ၇ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံခွဲစိတ်ကာ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဦးနှောက်ထဲကိုစက်နဲ့ပြန်ကြည့်ချိန် သွေးခဲတွေလျော့ပါးသွားတယ် ဆိုပေမယ့် သတိမရခဲ့ဘဲ ဆက်လက် စောင့်ကြည့်နေဆဲ ဒီဇင်ဘာလ ၂၄ ရက် မနက်ပိုင်း ၈ နာရီခွဲမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ပူးဆန်ဂ်ကိမာသေဆုံးတဲ့အထိ ရိုက်နှက်ကြသူတွေဟာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်က တိုင်သောန်လျန် (Tai Thawn Lian ) နဲ့ ကျဲလျန်မွှန် ( Ceu Lian Hum) နဲ့ ဆူမ်လျန် (Sum Lian ) တို့ ဖြစ်တယ်လို့သိရပြီး သူတို့ဟာ မီဇိုရမ်ပြည်နယ် ဗာဖိုင်ကျေးရွာမှာ စစ်ဘေးရှောင်တဲ့ သူတို့အမျိုးတွေထံ လာလည်တဲ့သူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူ သုံးဦးထဲက တိုင်သောန်လျန်ကို မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ချန်ဖိုင်ခရိုင်အကျဥ်းထောင်မှာ ဖမ်းဆီးထားပေမဲ့ ကျန်တဲ့နှစ်ဦးက မြန်မာ နိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်နေလို့ ဖမ်းဆီးနိုင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။
ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဖာရ်ကွန်ရွာ၊ Zawra Veng – Young Mizo Association က “ကျွန်တော်တို့အဖွဲ့ဝင်ဖြစ်တဲ့ ပူးဆန်ဂ်ကိမာ သေဆုံးသွားတဲ့အပေါ်လွန်စွာစိတ်မကောင်းဖြစ်မိပါတယ်။ ကျူးလွန်သူအားလုံးကို ဖမ်းဆီးပြီးတော့ ပြစ်မှုအတွက် ပြန်ပေးဆပ်စေချင်တယ်။ မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေကို မီဇိုရမ်ပြည်နယ်က ဂရုစိုက်ပေးနေတဲ့အချိန်မှာ အခုလိုမျိုး ဖြစ်တာ လုံးဝမကောင်းလို့ နောက်နောင် ဒါမျိုးထပ်မဖြစ်တော့ဖို့ မျှော်လင့်ပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref The Lairam Times