၂၅.၁၂.၂၀၂၄
Written by KL
လမ်းဘေးတွင် ဆိုင်ကယ်ရပ်ကာ စကားပြောနေသော အမျိုးသားကို အုတ်များတင်ဆောင်လာသော ထော်လာဂျီက ဝင်တိုက်ပြီး နောက်ဘီးဖြင့် ကြိတ်မိရာမှ သေဆုံးခဲ့မှု ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီကျော်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အမှတ် (၃)ရပ်ကွက် လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်ရပ်ကာ စကားပြောနေသည့် အမျိုးသားတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ချောင်းသာတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
“ထော်လာဂျီနဲ့ ကြိတ်ခံရတဲ့ကောင်လေးက လူငယ်ပိုင်းပဲ။ ထော်လာဂျီမောင်းတဲ့သူတွေက မောင်းလိုက်ရင်မဆင်မခြင်နဲ့ အသားကုန်။ အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ရပြီ။ ထိထိရောက်ရောက် အရေးယူစေချင်တယ်” ဟု ချောင်းသာဒေသခံတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက အမှုဖွင့်ကာ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။