October 23, 2024

◼️ စစ်ရေးစိုးမိုးနယ်မြေများတွင် အုပ်ချုပ်ရေးယန္တရားလက်တွေ့ကျကျ အသက်မသွင်းနိုင်ပါက အမှန်တကယ်ခုခံတော်လှန်နိုင်မှု မဟုတ်ကြောင်း တွက်ဆနိုင်ဟု ဆို

၁၀. ၁. ၂၀၂၃

Written by Nay Moe

အထွေထွေ အကျပ်အတည်းဒဏ်ကို ခံစားနေရသည့် ပြည်သူလူထု၏ နွေဦးတော်လှန်ရေးအပေါ်သဘောထားကို အထူးပြု စောင့်ကြည့်လေ့လာရန် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီ ၁၀ ရက်တွင်ပြုလုပ်သည့် ၈၄ ကြိမ်မြောက် အစည်းအဝေးတွင် ပြောသည်။

“ဒီနေ့ ပစ္စုပ္ပန်ကာလမှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည် ဦးရေကလည်း ပြည်တွင်းမှာရော နယ်စပ်ဒေသတွေမှာပါ အင်မတန် များပြားလာနေတာတွေ့ရပါတယ်။ တစ်ရက် တစ်ရက် ပြည်ပနိုင်ငံအသီးသီးကို ရရာ လမ်းကြောင်းကနေ ရွှေ့ပြောင်းနေတဲ့ ပြည်သူလူထု အရေအတွက်ကလည်း မနည်းတော့ပါဘူး။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ အကန့်အသတ်တွေရှိနေဆဲ ဖြစ်တာတွေ့ရပါတယ်။ လူထုရဲ့ ခံစားချက်ဟာ နွေဦးတော်လှန်ရေးရေချိန် အပြောင်းအလဲကို လွှမ်းမိုးသက်ရောက်နေပါတယ်။ ဒါ့ကြောင့် အထွေထွေ အကျပ်အတည်းဒဏ်ကို ခံစားနေရတဲ့ ပြည်သူလူထုဟာ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသဘောထားမျိုးရှိသလဲဆိုတာကို အထူးပြု စောင့်ကြည့်လေ့လာဖို့လည်း တိုက်တွန်းချင်ပါတယ်”ဟု ဒူဝါလရှီးလက ဆိုသည်။

ထို့အပြင် ၂၀၂၃ ခုနှစ်မှာ နွေဦးတော်လှန်ရေးအတွက် တစ်ဆစ်ချိုးအပြောင်းအလဲများထွက်ရန် မျှော်လင့်ကြောင်းနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးရလဒ်ထွက်စေချင်ကြောင်းလည်း ဒူဝါလရှီးလက ဆက်လက်ပြောသည်။

“၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် တစ်ဆစ်ချိုး အပြောင်းအလဲတွေ ရှိလာမယ့်နှစ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ဒီလို ကြီးမားတဲ့ အပြောင်းအလဲဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ်စစ်ရေးပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာကိုလည်း မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်ဆက်ဆံရေးအားဖြင့် လက်တွဲထားတဲ့ တော်လှန်သောအစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေးအထောက်အပံ့နဲ့ စစ်ရေးအကူအညီတွေလည်း ရသင့်သလောက် ရထားကြတာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်ရပါတယ်။ ဒီနေရာမှာ ကျွန်တော့် ယူဆချက်တချို့ကို တင်ပြချင်တာ ရှိပါတယ်။ နိုင်ငံရေးဆိုတာ “ဖြစ်နိုင်ချေ ရှိတာကိုလည်း လုပ်ရတယ်၊ ဖြစ်ချင်တာကိုလည်း မျက်ခြေပြတ်လို့ မရဘူး” လို့ ပြောချင်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာကို လုပ်မှလည်း လက်တွေ့နိုင်ငံရေးမှာ ရလဒ်ပေါ်အောင် လုပ်နိုင်လိမ့်မယ်။ ဒါမှမဟုတ်ရင် ရလဒ်မပြနိုင်တဲ့ ကိစ္စတွေနဲ့ပဲ ဝဲလည်လိုက်နေလိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ယခု လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးမှာ ပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက် တိတိကျကျ ရှိထားပါတယ်။ ဒီနိုင်ငံရေးရည်မှန်းချက်တွေဟာ ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ဖြစ်သလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးရလဒ်မျိုးလည်း ထွက်ဖို့လိုပါတယ်”ဟု ဒူဝါလရှီးလက ပြောသည်။

ထို့ပြင် စစ်ရေးစိုးမိုး ဧရိယာများတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ရေး အထူးပြုလုပ်ဆောင်ရန်နှင့် စစ်ရေးစိုးမိုးနယ်မြေများတွင် အုပ်ချုပ်ရေးယန္တရားကို လက်တွေ့ကျကျ အသက်မသွင်းနိုင်ပါက ထိုနေရာမှာ တကယ်ခုခံတော်လှန်နိုင်မှုမဟုတ်ဟု တွက်ဆနိုင်ကြောင်း ဒူဝါလရှီးလက သုံးသပ်ပြောဆိုသည်။

” စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက်မှသာ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ် မြဲမြဲနဲ့ ရရှိနိုင်မယ်လို့ ပြောချင်ပါတယ်။ ဒီအချက်ဟာ လက်တွေ့ဖြစ်နိုင်ချေ ရှိသလို၊ မြေပြင်မှာလည်း လက်တွေ့ လုပ်ဆောင်နေတဲ့ ကိစ္စတွေဖြစ်တာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာ တစ်ခုကတော့ NUG ဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်”ဟု ဒူဝါလရှီးလက ဆက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *