၂၅.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဆီးရီးယားနိုင်ငံတွင် နိုင်ငံအလယ်ပိုင်း ခရစ်ယာန်အများစုနေထိုင်ရာ ဆူကွေလာဘီယာမြို့၏ အဓိကရင်ပြင်တွင် ခရစ္စမတ်သစ်ပင်တစ်ခုကို မည်သူမည်ဝါမခွဲခြားနိုင်သူများက ဒီဇင်ဘာလ ၂၃ ရက်ညနေပိုင်းက မီးရှို့ခဲ့ကြပြီးနောက် ခရစ်ယာန်ဘာသာဝင်များက ဒမတ်စကပ်မြို့တွင် ဒီဇင်ဘာလ ၂၄ ရက်က ဆန္ဒပြမှုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြသူများက ဒမတ်စကပ်မြို့ဆင်ခြေဖုံးများ၌ နိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များကို ပိုမိုကောင်းမွန်သော ကာကွယ်မှုများပေးရန် တောင်းဆိုကာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ ထိုဖြစ်ရပ်က ဆီးရီးယားနိုင်ငံ၏ အစ္စလာမ်ခေါင်းဆောင်သစ်များအဖို့ လူနည်းစုများအပေါ် ကာ ကွယ်မှုများဆောင်ရွက်ပေးရန် လှုံ့ဆော်ပေးသကဲ့သို့လည်း ရှိခဲ့သည်။
ယခင် သမ္မတ အာဆတ်၏အစိုးရကို ပုန်ကန်ဖြုတ်ချမှုတွင် ဦးဆောင်အဖွဲ့ဖြစ်သည့် အဓိက အစ္စလာမ္မစ်အဖွဲ့လည်းဖြစ်သော HTS အဖွဲ့ က ဆီးရီးယားနိုင်ငံအတွင်း လူ့အခွင့်အရေးများ၊ ဘာသာရေးလွတ်လပ်ခွင့်များနှင့် လူနည်းစုဖြစ်သော လူမျိုးစုများကို ကာကွယ်ပေးမည်ဟု ကတိပြုခဲ့သည်။
လူမှုကွန်ရက်ပေါ်တွင် တင်ထားသော ဗီဒီယိုများ၌ မျက်နှာဖုံးဝတ်ထားသောလူများက ခရစ္စမတ်အကြိုနေ့အတွက် ပြင်ဆင်ထားသော ခရစ္စမတ်သစ်ပင်အား မည်သည်ဟုမသိရသော အရည်တစ်မျိုးနှင့်ပက်ဖျန်းနေကြသည်ကို တွေ့ကြရသည်။
HTS အဖွဲ့ က ဆန္ဒပြသမားများကို မီးရှို့ခံထားရသော ခရစ္စမတ်သစ်ပင်အား ခရစ္စမတ်နေ့ နံနက်မတိုင်မီ ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ဆူကွေလာဘီယာမြို့၌ အာမခံပြောကြားခဲ့ကြသည်။
ဆီးရီးယားနိုင်ငံက လူမျိုးစုပေါင်းစုံနေထိုင်ရာနိုင်ငံဖြစ်ပြီး ဘာသာတရားကိုးကွယ်မှု အမျိုးမျိုးကိုလည်း နိုင်ငံအတွင်း တွေ့ရနိုင်သည်။ ၎င်းတို့တွင် ကာ့ဒ်၊ အာမေးနီးယန်း၊ အဆီးရီးယန်း၊ ခရစ်ယာန်၊ ဒရုစ်၊ အလာ ဝိုတ်ရှိုင်းယားနှင့် အာရပ်ဆွန်နီ စသည့် လူမျိုးစုပေါင်းစုံ နေထိုင်ကြသည်ကိုတွေ့ရပြီး အာရပ်ဆွန်နီတို့က မွတ်စလင်ဘာသာဝင်များအနက် အများစုလည်းဖြစ်ကြသည်။
Ref- BBC