၂၅. ၁၂. ၂၀၂၄
Written by Nyein Kyaw
နှစ်သစ်ကူးရုံးပိတ်ရက် ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးအတွက် ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန် – မော်လမြိုင် – ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများအား တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။
အထူးရထားများ ပြေးဆွဲပေးရာတွင် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်များအတွက် ဒီဇင်ဘာ ၂၇ ရက်၊ ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တို့တွင် ပြေးဆွဲပေးမည်ဖြစ်ပြီး အဆိုပါ သုံးရက်လုံးတွင် ရန်ကုန်မှ မော်လမြိုင်ခရီးစဉ်အား နံနက် ၇ နာရီ ၄၅ မိနစ်တွင် စတင်ထွက်ခွာပြီး ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ မော်လမြိုင်မှ ရန်ကုန်ခရီးစဉ်အား နံနက် ၉ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာပြီး ညနေ ၇ နာရီ ၁၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။
ရန်ကုန်-ပြည် အထူးရထားခရီးစဉ်အတွက် ရန်ကုန်မှ ပြည်ခရီစဉ်အား ဒီဇင်ဘာ ၂၈ ရက်တွင် နေ့လယ် ၁ နာရီတွင် စတင်ထွက်ခွာပြီး ည ၈ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ပြည်မှ ရန်ကုန်ခရီးစဉ်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ည ၁၀ နာရီခွဲတွင် စတင်ထွက်ခွာပြီး နောက်နေ့ နံနက် ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။
အထက်ပါနေ့ရက်များအလိုက် အထူးရထားများအပြင် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း နေပြည်တော်- မန္တလေး-နေပြည်တော် ခရီးစဉ်အဖြစ် အမှတ်(၂၅) အဆန်/(၂၆)အစုန် RBE ရထားအား ဒီဇင်ဘာ၂၃ ရက်မှစ၍ နေ့စဉ်တိုးချဲ့ပြေးဆွဲပေးလျက်ရှိရာ အမှတ် (၂၅) အဆန် RBE ရထားသည် နေပြည်တော်မှ မွန်းလွဲ ၁ နာရီ ထွက်ခွာ၍ မန္တလေးသို့ ည ၇ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ အမှတ်(၂၆)အစုန် RBE ရထားသည် မန္တလေးမှ နံနက် ၄ နာရီ ၄၅ မိနစ်တွင် ထွက်ခွာ၍ နေပြည်တော်သို့ နံနက် ၁၁ နာရီခွဲတွင် လည်းကောင်း အသီးသီး ဆိုက်ရောက် /ထွက်ခွာပေးလျက်ရှိသည်။
ထို့အတူ သာစည်-မန္တလေး-သာစည် ခရီးစဉ်အဖြစ် နိုဝင်ဘာ ၁၁ ရက်မှစ၍ နေ့စဉ် တိုးချဲ့ပြေးဆွဲပေးလျက်ရှိသော အမှတ် (၃၀၁)အဆန် RBE ရထားသည် သာစည်မှ နံနက် ၅ နာရီခွဲတွင် ထွက်ခွာ၍ မန္တလေးသို့ နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး အမှတ်(၃၀၂) အစုန် RBE ရထားသည် မန္တလေးမှ မွန်းလွဲ ၂ နာရီခွဲတွင် ထွက်ခွာ၍ သာစည်သို့ ညနေ ၆ နာရီတွင် ပြန်လည် ရောက်ရှိမည်ဖြစ်သည်။
ထို့အပြင် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှုအပေါ်မူတည်၍ ရန်ကုန်-မန္တလေး- ရန်ကုန်ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရထားများတွင် ဝန်ချိန်ပြည့် တွဲဆိုင်းများ တိုးချဲ့ ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ရထားစီးခရီးသွားပြည်သူများအတွက် ရထားလက်မှတ်များ လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍ လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍ လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးသည့် ရထားများအတိုင်းဖြစ်ကြောင်း အသိပေးကြေညာထားသည်။