၂၅. ၁၂. ၂၀၂၄
Written by Nyein Kyaw
စက်သုံးဆီဆိုင်ရောက်မှ လှည့်ပြန်ရမှုမရှိစေရန် လာမည့် ဇန်နဝါရီ ၁ ရက်မှစတင်၍ MPTA FM App ကို အသုံးပြုကာ နီးစပ်ရာဆီဆိုင်များ၏ တည်နေရာ၊ ရရှိနိုင်မည့် ဆီအမျိုးအစားဈေးနှုန်းများအတိုင်း လိုသလောက်ဝယ်ယူနိုင်ခြင်း ရှိ/မရှိတို့ကို သိရှိနိုင်မည်ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာထားသည်။
အဆိုပါ MPTA FM Application အား လက်ရှိ Download ရယူကာ ဝင်ရောက်အသုံးပြုရာတွင် အကွာအဝေး ၃ မိုင်အတွင်းထားပြီး မိမိဆီဝယ်လိုသည့် ဆီဆိုင်အမည်ကို ရိုက်ထည့်ကာ ရှာဖွေရာတွင် အဆင်ပြေမှုရှိပြီး ယနေ့ ရရှိမည့်ဆီအမျိုးအစားနှင့် ဆီဈေးနှုန်းများကို ဖော်ပြပေးထားသည်ကို တွေ့ရှိရသည်။
သို့သော် တရားဝင်ကြေညာထားချက်အရ အဆိုပါ MPTA FM Application ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ Android Version ဖုန်းများဖြင့် Google Play Store တွင် လွယ်ကူစွာ Download ရယူအသုံးပြုနိုင်ပြီဖြစ်ပြီး IOS Version ဖုန်းများတွင် App Store မှတစ်ဆင့် Download ရယူသုံးစွဲနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်သူများ လက်ကိုင်ဖုန်းအသုံးပြု၍ နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်များတွင် မည်သည့်စက်သုံးဆီအမျိုးအစားများကို မည်သည့်ဈေးနှုန်းများဖြင့် လိုအပ်သလောက် ဝယ်ယူဖြည့်တင်းနိုင်ခြင်း ရှိ/ မရှိ သိရှိနိုင်ရန်အတွက် MPTA FM အမည်ရှိ Software Application တစ်ခုကို ရေးဆွဲဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ MPTA FM Application တွင် နိုင်ငံအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ တည်နေရာ၊ အရောင်းဆိုင်ဖွင့်ချိန်/ ပိတ်ချိန်၊ ရရှိနိုင်မည့် စက်သုံးဆီအမျိုးအစားနှင့် ရောင်းဈေးနှုန်း စသည့် သတင်းအချက် အလက်များပါဝင်ပြီး ယင်း Application ကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)တို့ ပူးပေါင်းရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။