၂၅. ၁၂. ၂၀၂၄
Written by Nay Moe
ပေါက်ခေါင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းရာနှင့် ပေါ်တာဆွဲရာတွင် အားတက်သရောလုပ်ကိုင်ပေးနေသည်ဟု စွပ်စွဲကာ နတ္တလင်းကျေးရွာမှ အမျိုးသားတစ်ဦးအား NUG လက်အောက်ခံ ပေါင်းတည် PDF က သတ်ဖြတ်လိုက်သည်ဟု ယနေ့ ခရစ္စမတ်နေ့တွင် ဝန်ခံချက်ထုတ်ပြန်လာသည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ နတ္တလင်းကျေးရွာနေ ဦးခင်စိုးဆိုသူအား ပေါင်းတည် PDF အဖွဲ့ဖြစ်သော ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းတပ်ခွဲ(၃) က ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ဦးခင်စိုးနေအိမ်သို့ သွားရောက်ပစ်ခတ်ရာ ဦးခင်စိုးမှာ နေရာမှာတင် ပွဲခြင်းပြီး သေဆုံးသွားသည်ဟု ပေါင်းတည် PDF က ကျူးလွန်မှုဖြစ်စဥ်ကို ဝန်ခံချက်ပေးသည်။
ထို့ပြင် ဦးခင်စိုးမှာ စစ်သားသစ် စစ်မှုထမ်းစုဆောင်းပေးခြင်း၊ ပြည်သူများကို ပေါ်တာဆွဲရာတွင် အားတက်သရော လိုက်ပါဆောင်ရွက်ခြင်း၊ ပေါ်တာဆွဲပြီး အသက်မပြည့်သူများကို ငွေကြေးဖြင့် ရွေးခိုင်းခြင်း၊ PDF ထောက်ပို့များ၏ သတင်းအချက်လက်များကို လိုက်လံစုံစမ်းခြင်းတို့ကို ပြုလုပ်နေသည့်အတွက် သတ်ဖြတ်ကြောင်းလည်း စွပ်စွဲထားသည်။ ဦးခင်စိုးကို သတ်ဖြတ်သည့် ပေါင်းတည် PDF စွပ်စွဲထားသည့် အချက်အလက်များ မှန် မမှန် MT News က မြေပြင်အတည်မပြုနိုင်သလို ပေါင်းတည် PDF ကလည်း ဦးခင်စိုးအပေါ် စွပ်စွဲချက်များ သက်သေပြထားနိုင်ခြင်းမရှိဘဲ MT News ကလည်း NUG လက်အောက်ခံ PDF များကျူးလွန်သော ရာဇဝတ်မှုကိုသာ ၎င်းတို့ဝန်ခံချက်အရ ဖော်ပြခြင်းသာဖြစ်သည်။