၂၅.၁၂.၂၀၂၄
Written by Hey Mar
အမျိုးသားတစ်ဦးတည်းမောင်းလာတဲ့ကား၊ အင်ဂျင်အပူလွန်ကဲရာက မီးလောင်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ဒီနေ့မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းကုန်းတံတားပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီဇင်ဘာ ၂၅ ရက်နေ့ မနက် ၂ နာရီခွဲအချိန်က လှည်းတန်းဘက်ကနေ အရှိန်နဲ့ မောင်းနှင်လာတဲ့ကားက တံတားပေါ်ရှိ ပလက်ဖောင်းကို တိုက်ကာ ပလက်ဖောင်းပေါ်ကျော်တက်ရောက်ရှိနေတာကို သတိမထားမိဘဲ ဆက်မောင်းရာက အင်ဂျင် အပူလွန်ကဲမှုဖြစ်ပြီး မီးလောင်တာလို့ သိရပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ပြည်သူ+လူရွှင်တော်ပရဟိတအဖွဲ့က တာဝန်ရှိသူက “ကားက ပရာဒို။ ကားမောင်းတဲ့သူက မူးနေတာ။ မူးတာမှ အတော်ကိုမူးတာ။ ကားမီးလောင်တော့ သူကတော့ ဆင်းလိုက်နိုင်လို့ ဘာမှမဖြစ်ဘူး” လို့ MT News ကို ပြောပါတယ်။
ကားမီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။