MT News
၂၅. ၁၂. ၂၀၂၄
၂၂ ဘီးတွဲယာဥ်ပေါ် မူးယစ်ဆေးသယ်လာသူနှစ်ဦးကို ဖမ်းမိရာမှ ငွေကျပ် ၂ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ၆၂ လမ်းပေါ်တွင် သိန်းဇော်ဦး မောင်းနှင်ပြီး ရန်နိုင်စိုး လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၄၀၀ ပြား ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင် နှင့် ဗဟိန်း တို့အား ပြည်ကြီးတံခွန်မြို့နယ်တွင် လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မစန်းစန်းမြ အား အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၄,၀၀၀ ပြားနှင့်အတူ လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိတရားခံများကို ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မျိုးထွန်းအောင်(ခ)စိုင်းဓနအောင်(ခ)ကျောင်းဆရာ အား ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ပြောင်းဆေးဝါး Happy Water ၅ ဒသမ ၅ ကီလို၊ အက်တက်စီ ၈,၆၄၀ ပြား၊ အက်တက်စီအမှုန့် သုညဒသမ ၂ ကီလိုနှင့် Toyota Crowm မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၌ ထိုက်စိုးကျော် အား စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁ ဒသမ ၉ ကီလို၊ အက်တက်စီ ၉,၆၀၀ ပြား၊ Happy 5 ဆေးပြား ၉,၀၀၀ ပြား၊ Happy Water ၁ ဒသမ ၂၁၅ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မန္တလေးမြို့ပေါ်ရှိ KTV၊ ဘား၊ ကလပ်နှင့် စားသောက်ဆိုင်များတွင် လူငယ်များအားရောင်းချမည့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလျံခန့်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၈၄ သိန်း၊ ကက်တမင်း ၁ ဒသမ ၉ ကီလို၊ Happy Water ၆ ဒသမ ၇၁၅ ကီလို၊ အက်တက်စီ ၁၈,၂၄၀ ပြား၊ အက်တက်စီအမှုန့် သုညဒသမ ၂ ကီလို၊ Happy-5 ဆေးပြား ၉,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။