၂၄. ၁၂. ၂၀၂၄
Written by Nyein Kyaw
ရွှေကုက္ကိုတွင် ကာလဝမ်းရောဂါပိုးကြောင့် ဖြစ်ပွားသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသာဖြစ်ပြီး လက်ရှိအချိန်အထိ တစ်ဦးသေဆုံးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့တွင် ဖြေကြားထားသည်။
မီဒီယာများက ရွှေကုက္ကိုလ်အပါအဝင် မြို့၊ ကျေးရွာတချို့တွင် ဝမ်းရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး သေဆုံးမှုများပါရှိနေကြောင်းနှင့် မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်ကူးစက်မှုနှင့် ပတ်သက်ပြီး SAC သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မေးမြန်းခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ် ကူးစက်မှုနှင့်ပတ်သတ်ပြီး မေးမြန်းမှုအပေါ် ကျန်းမာရေးဝန်ကြီးဌာနက “လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိပါ” ဟု ဖြေကြားခဲ့သည်။
မြဝတီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာတွင် လက်ရှိဖြစ်ပွားနေသည့် ဝမ်းရောဂါအခြေအနေနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက “မြဝတီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာ၊ သီတဂူချစ်သူဆေးရုံသို့ ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူသူ စုစုပေါင်း ၁၀၄ ဦးရှိခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ဆေးရုံတက်ရောက်ဆဲလူနာ ၁၉ ဦးရှိကာ ၎င်းတို့၏ အထွေထွေကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်းနှင့် ဒီဇင်ဘာ ၁၉ ရက်တွင် သေဆုံးလူနာတစ်ဦးရှိခဲ့သော်လည်း အဆိုပါလူနာသည် နှလုံးရောဂါအခံရှိသူဖြစ်ပါသည်” ဟု ဖြေကြားခဲ့သည်။
မြဝတီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများရှိနေကြောင်း သတင်းရရှိလျှင်ရရှိခြင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများပူးပေါင်းကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖြစ်၍ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက် (IHR 2005) နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်လည်း အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားထားသည်။
မြဝတီ-ဘားအံ လမ်းကြောင်းတစ်လျှောက်ရှိ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ဘားအံမြို့နယ် များတွင်လည်း လိုအပ်ပါက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအဖွဲ့များကို ဖွဲ့စည်းထားရှိပြီးဖြစ်သည့်အပြင် မြဝတီဆေးရုံတွင် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို စုပုံထားရှိပြီး ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့များမှ တောင်းခံသည့် ပမာဏအတိုင်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားရှိကြောင်း ဖြေကြားထားသည်။
လိုအပ်ပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် မြဝတီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာနှင့် ဆက်စပ်လျက်ရှိသော မြဝတီမြို့နယ်၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်များတွင် ရောဂါဖြစ်ပွားနိုင်ချေ မြင့်မားသောလူအုပ်စုများအား ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး(OCV) တိုက်ကျွေးနိုင်ရေး စီစဉ်ဆောင်ရွက်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများနှင့် ပတ်သက်၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)တွင် ပေးပို့စစ်ဆေးချက်အရ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသည့် ကာလဝမ်းရောဂါပိုးကူးစက်ဖြစ်ပွားခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထို့အတူ မြဝတီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာတွင် ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများတွင်လည်း ကာလဝမ်းရောဂါပိုးကို တွေ့ ရှိခဲ့ကြောင်း ဖြေကြားထားသည်။