◾️ ခေတ်မီစစ်ရေယာဉ်အသစ်များကို ဝယ်ယူအသုံးပြုသူအဆင့်မှ ကိုယ်တိုင်တည်ဆောက်သူအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ပြောကြား
၂၄. ၁၂. ၂၀၂၄
Written by Nyein Kyaw
မြန်မာ့တပ်မတော်(ရေ)၏ ၇၇ ခုနှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ပြည်တွင်းထုတ် ၁၃၅ မီတာ ဖရီးဂိတ်စစ်ရေယာဉ် ၁ စီးနှင့် ၆၃ မီတာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ် ၂ စီးအား တပ်တော်ဝင်ခဲ့သည်။
ယနေ့တွင် တပ်မတော်(ရေ)မှ တည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီးဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချပေးခြင်း၊ (၆၃) မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် (၂) စီးအား တပ်တော်ဝင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်၊ တပ်မတော်နှင့် တပ်မတော် (ရေ) တို့အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ ၁၃၅ မီတာ ဖရီးဂိတ်စစ်ရေယာဉ်ကြီးသည် လိုသလိုရွေးချယ်ပြောင်းလဲအသုံးပြုနိုင်သည့် ဂီယာစနစ်ပါဝင်သည့် ဒီဇယ် (သို့မဟုတ်) Gas Turbine ပေါင်းစပ်မောင်းနှင်မှုစနစ် (Combination of Diesel or Gas – CODOG) ကို တပ်ဆင်ထားသည့် စစ်ရေယာဉ်ကြီးဖြစ်ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် မြစ်တွင်းသွားရေယာဉ်များမှ ယခု ဖရီးဂိတ်စစ်ရေယာဉ်ကြီးများအထိ အဆင့်ဆင့်တိုးမြှင့် တည်ဆောက်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များအနက် အရွယ်အစားအကြီးမားဆုံး ၁၃၅ မီတာ ဖရီးဂိတ်စစ်ရေယာဉ်ကြီးအား ရေတပ်ထုံးထမ်းစဉ်လာများအတိုင်း ယနေ့တွင် ရေချခဲ့ပြီး SAC ဥက္ကဋ္ဌက ပြည်ပရန်ကိုကာကွယ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် စစ်ရေယာဉ်ကြီး “သာလွန်မင်း” ဟု အမည်ပေးအပ်ခဲ့သည်။
အဆိုပါ တပ်မတော်(ရေ)မှတည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး “သာလွန်မင်း” ကို SAC ဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များအနက် အရွယ်အစားအကြီးမားဆုံးဖြစ်ကာ အလျား ၁၃၅ မီတာ၊ အနံ ၁၄ ဒသမ ၅ မီတာ၊ အမြင့် ၉ မီတာ၊ ရေစူး ၄ ဒသမ ၁ မီတာ၊ ဝန်ပြည့်အလေးချိန် ၃,၅၀၀ တန်ရှိပြီး အမြန်နှုန်း ၁ နာရီလျင် ရေမိုင် ၃၀ အထိမောင်းနှင်နိုင်မည့် စစ်ရေယာဉ်ကြီးပင်ဖြစ်ကြောင်း သိရသည်။
“ရေတပ်၏ တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ခေတ်မီစစ်ရေယာဉ်အသစ်များကို တည်ဆောက်ကာ ဝယ်ယူအသုံးပြုသူအဆင့်မှ ကိုယ်တိုင်တည်ဆောက်သူ (Buyer to Builder) အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။