၂၄.၁၂.၂၀၂၄
Written By Thandar
National Director ထူးအံ့လွင် ဦးဆောင်တဲ့ Radiance Event Production & Model Agency က ကြီးမှူးကျင်းပမယ့် ၂၀၂၅ ခုနှစ်အတွက် Miss World Myanmar ရွေးချယ်ပွဲကြီးကို မကြာမီကာလအတွင်း ကျင်းပတော့မှာဖြစ်ပါတယ်။
ဒါရိုက်တာ စင်ရော်မောင်မောင်၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ Miss World Myanmar 2025 ပြိုင်ပွဲအတွက် ကြော်ငြာဗီဒီယို ရိုက်ကူးခြင်းနဲ့ Miss World Myanmar 2025 မိတ်ဆက်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ Story Board ဒီဇင်ဘာ ၂၃ ရက် ညနေ ၅ နာရီက ကျင်းပခဲ့ပါတယ်။
“Miss World Myanmar အလှမယ်သည် နိုင်ငံ့ဂုဏ်ဆောင်ရမယ်။ ကျွန်တော်တို့ Organization ကနေ ချမှတ်ပေးထားတဲ့အတိုင်း Project တွေကို စနစ်တကျ လုပ်ဆောင်ရမယ်။ နိုင်ငံ့ဂုဏ်ဆောင်ပြီး ပြန်လာတဲ့အချိန် သူ ဝါသနာပါရင် မင်းသမီးလုပ်ချင်ရင် လုပ်လို့ရတယ်။ ကျွန်တော်ကိုယ်တိုင်က တိုင်းပြည်အတွက် သေချာကြိုးစားပေးမယ့် လူကိုပဲရွေးမှာပါ။ ပရောဂျက်ကောင်းတာတွေ ခိုင်မာရမယ်။ ပရဟိတတွေ သေချာလုပ်နိုင်ရမယ်။ ပြီးတော့ အဲ့လိုတွေ သေချာလုပ်ပေးနိုင်ရမယ့်လူမျိုးကိုပဲ ရွေးမှာပါ။ ပြီးတော့ သိစေချင်တာက Miss
World Myanmar တစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်ကူဘူးဆိုတာပါပဲ”လို့ Radiance Event Production & Model Agency က ထူးအံ့လွင်က ပြောပါတယ်။
Miss World Myanmar 2025 Winner ဆုရှင်က Beauty With A Purpose လူမှုအကျိုးပြုပရဟိတ အလုပ်တာဝန်တွေကို ဆောင်ရွက်ရင်း ၇၂ ကြိမ်မြောက် Miss World အလှမယ်ရွေးချယ်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် သရုပ်ဆောင်အဖြစ် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေလည်းရှိတယ်လို့ သိရပါတယ်။
“Miss World Myanmar 2025 ”ပြိုင်ပွဲမှာ Miss World Myanmar အလှမယ်ကောင်းတစ်ယောက်ကိုလည်း ရွေးချယ်မှာ ဖြစ်သလို 1st Runner Up၊ 2nd Runner Up၊ 3rd Runner Up ၊ 4th Runner Up ဆုတွေကိုရရှိတဲ့သူတွေက အိန္ဒြာရုပ်ရှင်ထုတ်လုပ်ရေးနဲ့ လက်တွဲပြီး အလုပ်ခွင့်ရမယ်လို့ဆိုပါတယ်။
“ကျွန်တော့်တို့ အိန္ဒြာရုပ်ရှင်ထုတ်လုပ်ရေးနဲ့ လက်တွဲပြီးအလုပ်လုပ်ခွင့်၊ ခေါင်းဆောင်မင်းသမီးဖြစ်ဖို့ ရွေးချယ်မှာဖြစ်တဲ့အတွက် အခွင့်အရေးကောင်းပါပဲ။ အိန္ဒြာ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကလည်း ကမ်းလှမ်းလာလို့ သဘောကျလို့ အခုလို ပူးပေါင်းပြီး လုပ်ဖြစ်တာပါ” လို့ သူက ဆက်ပြောပါတယ်။
Radiance Event Production & Model Agency က ကျင်းပမယ့် Miss World Myanmar 2025 ပြိုင်ပွဲမှာ ထူးအံ့လွင်နဲ့ အတူ အလှမယ် သဲစုငြိမ်း၊ အလှမယ် မီးမီးတို့ကလည်း ပြိုင်ပွဲအတွက် ကျရာနေရာမှာ ပါဝင်ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ မိတ်ကပ်ပိုင်းအတွက် Make Up SORA ၊ ဝတ်စုံပိုင်းအတွက် ဒီဇိုင်နာ Kham Philip တို့က တာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။