၂၄.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဂျပန်ကားထုတ်လုပ်သူ ကုမ္ပဏီတွေဖြစ်တဲ့ ဟွန်ဒါနဲ့ နစ်ဆန်း တို့ဟာ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းမှာ ရုပ်ကြွင်းလောင်စာအသုံးပြုမှုကနေ အကူးအပြောင်းမှာ ထူးခြားသိသာတဲ့အပြောင်းအလဲတွေနဲ့ ကြုံတွေ့နေရလို့ ကုမ္ပဏီနှစ်ခုပူးပေါင်းကာ ကမ္ဘာ့တတိယအကြီးဆုံးကားထုတ်လုပ်သူအဖြစ် ပေါင်းစည်း ဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာလ ၂၃ ရက်မှာ ကြေညာခဲ့ကြပါတယ်။
သူတို့ကုမ္ပဏီနှစ်ခုက ဒီလိုပေါင်းစည်းဆောင်ရွက်သွားမယ်ဆိုတာ ဒီဇင်ဘာလ ၂၃ ရက်မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ကြပါတယ်။ နစ်ဆန်ရဲ့ မဟာမိတ် ကုမ္ပဏီငယ်တစ်ခုဖြစ်တဲ့ မစ်ဆူဘီရှီမော်တော်ကုမ္ပဏီ ကလည်း သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေပေါင်းစည်းဆောင်ရွက်ဖို့ဆွေးနွေးပွဲမှာပါဝင်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံရဲ့ ကားကုမ္ပဏီကြီးတွေအဖို့ လျှပ်စစ်ကားထုတ်လုပ်မှုမှာ သူတို့ရဲ့ပြိုင်ဘက်တွေထက် များစွာ နောက်ကျကျန်နေခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့အနေနဲ့ လျှပ်စစ်ကားကဏ္ဍမှာဆိုရင် တရုတ်နိုင်ငံရဲ့ BYD ကုမ္ပဏီထုတ်လျှပ်စစ်ကားတွေနဲ့ အမေရိကန်ဈေးကွက်ကို ဝါးမြိုထားတဲ့ Tesla ကုမ္ပဏီထုတ် လျှပ်စစ်ကားတွေကို အမီလိုက်နိုင်ဖို့ ကြိုးစားလာရတာပါ။
ဟွန်ဒါဥက္ကဋ္ဌတိုရှီဟီရို မိုက်က ဟွန်ဒါနဲ့ နစ်ဆန်တို့ဟာ သူတို့ရဲ့လုပ်ငန်းတွေကို ပူးတွဲဦးပိုင်ကုမ္ပဏီ တစ်ခုအောက်မှာ ပေါင်းစည်းလည်ပတ်သွားကြမယ်။ ကုမ္ပဏီနှစ်ခုစလုံးက ကိုယ့်ကုမ္ပဏီတွေရဲ့အခြေခံမူတွေနဲ့ တံဆိပ်တွေကိုစွဲကိုင်ပြီး ဟွန်ဒါက စစချင်း အုပ်ချုပ်မှုအသစ်ကို စတင်သွားမယ်လို့ ပြောခဲ့ပါတယ်။
သူတို့ကုမ္ပဏီနှစ်ခုက ၂၀၂၅ ဇွန်လ နောက်ဆုံးထားပြီး တရားဝင်ပေါင်းစည်းမှု သဘောတူညီချက်ကို ရယူသွားကြဖို့၊ သဘောတူညီချက်အပြီးသတ်ဖို့နဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးထားပြီး တိုကျိုအစုရှယ်ယာ ဈေးကွက်မှာ သူတို့ပေါင်းစည်းထားတဲ့ ဦးပိုင်ကုမ္ပဏီကို စာရင်းပါဝင်နိုင်ဖို့ ရည်မှန်းထားကြပါတယ်။
ဂျပန်ကားကုမ္ပဏီသုံးခုဟာ မျှော်လင့်တဲ့အတိုင်းပေါင်းစည်းနိုင်ခဲ့ကြရင် သူတို့ရဲ့ ကားထုတ်လုပ်မှုက ရှစ်သန်းကျော်ရှိမယ်လို့လည်း ဆိုပါတယ်။ သူတို့ကုမ္ပဏီသုံးခုဟာ လျှပ်စစ်ကားတွေအတွက် အဓိကအ ရေးကြီးတဲ့ ဘတ္ထရီလို အစိတ်အပိုင်းတွေကို မျှဝေသွားကြဖို့နဲ့ ကားအတွင်း လျှပ်စစ်ဓာတ်အားစီးဆင်းမှု ပိုကောင်းစေမယ့် အလိုအလျောက်မောင်းနှင်မှုအတွက် ဆော့ဝဲလ်ကိုလည်း ပူးတွဲသုတေသနပြုဖို့ အစောပိုင်းထဲက သဘောတူထားကြပါတယ်။
Ref-AP