၂၄.၁၂.၂၀၂၄
Written By Thandar
တေးရေးပိုင်းမှာရော အဆိုပိုင်းမှာပါ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ တေးသံရှင် ပိုပိုကတော့ “အသည်းကွဲတယ်”Music Video ကို ထိုင်းနိုင်ငံမှာ ဘရာဇီးနိုင်ငံသားလေးနဲ့ အကောင်းဆုံးရိုက်ကူးပုံဖော်ထားတယ်လို့ ဆိုပါတယ်။
“ပိုပို့ရဲ့ သီချင်းအသစ်လေး “အသည်းကွဲတယ်” သီချင်းက ပရိသတ်တွေအတွက် ထူးထူးခြားခြားလေး ပြင်ဆင်ထားတဲ့ သီချင်းလေးလို့ ပြောရမယ်။ သူကတော့ ပိုပိုမဟုတ်တဲ့ တခြားတစ်ယောက်လိုဖြစ်နေတာပေါ့နော်။ သူနဲ့ ပိုပိုနဲ့ဘာမှ မဆိုင်ပါဘူး။ သူက ဘရာဇီးနိုင်ငံသား မော်ဒယ်လ်တစ်ယောက်ပါ။ ဒီသီချင်းကို ဘန်ကောက်မှာ ဘတ် ၁ သိန်းလောက် အကုန်ကျခံပြီး ရိုက်ကူးထားတယ်လို့ ပြောလို့ရပါတယ်။ ဒီသီချင်းလေးက အထာကျပြီး မိုက်နေတာမို့ သေချာရိုက်ထားရလို့ ကျေနပ်ပါတယ်။ ပိုပိုကတော့ လှမနေဘူးပေါ့နော်။ ရုပ်ဆိုးဆိုး ကောင်မလေးပုံစံဖြစ်နေမှာပါ”လို့ တေးသံရှင် ပိုပိုက ပြောပါတယ်။
သူမကတော့ ဘရာဇီးနိုင်ငံသားလေးနဲ့ ၁၉၇၀ ပြည့်နှစ်က စတိုင်လ်မျိုးနဲ့ ထိုင်းနိုင်ငံမှာ ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ ပိုပို့ကို မြင်တွေ့နေကြပုံစံမဟုတ်ဘဲ မိတ်ကပ်ပုံစံတွေနဲ့ ပုံဖော်ဖန်တီးခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။
“အသည်းကွဲတယ်” သီချင်းအသစ်ကိုတော့ ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ ညသန်းခေါင် ၁၂ နာရီကစပြီး youtube က တင်မှာမို့ PoPo youtube channel ကို Subscribe လုပ်ထားပါလို့လည်း ဆိုပါတယ်။
“ကိုယ်တိုင်က အမိုက်စားပေါ့။ တစ်ခါမှ မလုပ်ဖူးတဲ့ပုံစံလေး MV ကို ရိုက်ထားတာပါ။ ကိုယ်တိုင်အသည်းကွဲနေလို့ ဒီသီချင်းလေး ဖန်တီးဖြစ်တာပါ။ Move on လုပ်နေတဲ့ အချိန်မှာ နားထောင်လို့ ကောင်းမယ့် သီချင်းလေးပေါ့။ ပိုပိုကတော့ အသည်းကွဲတဲ့နေရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အသည်းကွဲသီချင်းလေးပါ။ ပိုပို့ သီချင်းလေးကို အားပေးကြပါလို့ ပြောချင်ပါတယ် ” လို့ သူမက ဆက်ပြောပါတယ်။