၂၄. ၁၂. ၂၀၂၄
Written by Nay Moe
ထိုင်းနိုင်ငံရောက် MOU လုပ်သား ၆၈ ဦးဟာ အလုပ်မဝင်ရသေးတာကို ပြေလည်အောင်ကူညီခဲ့တယ်လို့ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနက လိမ်လည်ထုတ်ပြန်ခဲ့ပြီး ဒီထုတ်ပြန်ချက်အောက်မှာတော့ အလုပ်သမားတွေက အခုအချိန်အထိ အဆင်မပြေသေးဘူးလို့ NUG ထုတ်ပြန်ချက်အောက် ဖြေရှင်းနေကြပါတယ်။
NUG ရဲ့ အလုပ်သမားဝန်ကြီးဌာန Page ဟာ မနေ့က ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ချက်တစ်ခုထုတ်ခဲ့ပြီး ဒီထုတ်ပြန်ချက်မှာ “ထိုင်းနိုင်ငံ၊ ပါချင်ပူရီမြို့နယ်ရှိ KC ဆိုလာစက်ရုံသို့ အလုပ်ဝင်ရောက်မည့် MOU အလုပ်သမား (၆၈)ဦး သည် ယနေ့အချိန်ထိ အလုပ်မဝင်ရသေးပဲ အဆောင်တစ်ခုတွင် နေထိုင်နေရကြောင်း၊ သူဌေးဖြစ်သူမှ ဘဏ်စာအုပ်များကိုလည်းသိမ်းထားကြောင်း တိုင်ကြားလာသဖြစ် (25.11.2024) ရက်နေ့တွင် ပါချင်ပူရီခရိုင် DOE ရုံးသို့သွားရောက်၍ ကူညီတိုင်ကြားပေးခဲ့ပြီး သက်ဆိုင်ရာအေဂျင်စီ၊ စက်ရုံပိုင်ရှင်သူဌေးတို့အား DOE မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ တစ်ပတ်အတွင်း အလုပ်သစ်ရှာပေးရန်၊ ဘိုင်ကျန့်အော်ထုတ်ပေးရန်နှင့် ဘဏ်စာအုပ်များအလုပ်သမားများလက်ဝယ်ပြန်ပေးရန် အစရှိသည့်အချက်များ သဘောတူညီမူရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်(သတ်ပုံမူရင်း) လို့ ထုတ်ပြန်လာတာပါ။
ဒီလိုထုတ်ပြန်ပေမဲ့ အလုပ်သမားတွေအဖို့ကတော့ တစ်လပြည့်လု ဒီနေ့အချိန်အထိ အလုပ်မဝင်ရသေးသလို အစာငတ်၊ ရေငတ်မှုနဲ့ ပေးထားတဲ့အခွင့်အရေးတချို့ ရုပ်သိမ်းခံရမှုပါ ကြုံနေတယ်လို့ တုံ့ပြန်ကြတဲ့အပြင် Emerald Stars အကောင့်ပိုင်ရှင်ကလည်း “ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ ညှိနှိုင်းပေးလို့ ဒါပေမဲ့ ညှိနှိုင်းမှုက တကယ်ဖြစ်လာရမဲ့အခြေအနေတစ်ခုအထိ မရောက်နိုင်သေးတာတော့ အသေအချာဘဲဗျား 25.11.2024 မှာ လာညှိနှိုင်းခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာ အလုပ်အသစ်၊ ဘိုင်ကျန့်အော်နဲ့ ဘဏ်စာအုပ်ရရမယ်ဆိုရင် 1.12.2024 နေ့မှာ ရရမယ်မဟုတ်လားဗျား။ ဒါပေမဲ့ အခုက 24.12.2024 တောင် ရောင်နေပြီးဗျား အခုထိ ဘာအတိအကျ ရေရေရာရာမှ မသိခဲ့ပါဘူး ဒါကြောင့် သချာလေးဆောင်ရွက်ပေးစေချင်ပါတယ် ကျွန်တော်တို့ ရေငတ်ရတဲ့ရက်တွေ ထမင်းငတ်ရတဲ့အချိန်တွေ စျေးသွားဖို့ဝယ်ဖို့စားဖို့ ၃ နာရီ ၄ နာရီလောက် လမ်းလျောက်ရတဲ့ဒုက္ခတွေ ကို ဝင် စာနာပေးပြီး အမြန်ဆုံးဆောင်ရွက်ပေးပါလို့ တောင်းဆိုပါရစေဗျ (သတ်ပုံမူရင်း)” လို့ ရေးသားထားတာ တွေ့ရပါတယ်။
ဒါ့အပြင် Khin Moe Swe အကောင့်ပိုင်ရှင်ကလည်း “ခုထိ အဆင်မပြေသေးပါဘူး ကျံ့အော်လဲမထုတ်ပေးသေးဘူး ဘဏ်ကတ်တေလဲမပေးသေးဘူး သူဌေးကအခုဆိုစက်ရုံကိုတောင်မလာဘူး ကျွန်မတို့အဖွဲ့ဘဲ စက်ရုံမှာအခုဆိုပိုခက်ခဲတယ် အရင်ကဆို စျေးသွားဘို့ ကားပေးသေးတယ်အခုဆို ကားကပြန်ယူသွားပီ စျေးသွားဘို့အသွားအပြန် 3 နာရီလောက်လမ်းလျောက်ရတယ် အဆင်ပြေအောင်ကူညီပါအုန်း ပီးပြတ်အောင် (သတ်ပုံမူရင်း) လို့ ရေးထားသလို NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်ချက်က လိမ်နေတာလားလို့လည်း မွေးခွန်းထုတ်ကြတာ တွေ့ရပါတယ်။
အဲဒီလိုပြောဆိုမှုအပြင် Tracy Mine အကောင့်ပိုင်ရှင်ကလည်း “အံ့သြစရာပါပဲ ဘယ်မှာလဲ တစ်ပတ်အတွင်း အလုပ်သစ်ရှာပေးတာက? ဘယ်မှာလဲဘိုင်ကျန့်အော်ထုတ်ပေးရန်ဆိုတာက? ဘဏ်စာအုပ်များ အလုပ်သမားများလက်ဝယ်ပြန်ပေးရန်ဆိုတာကရော? ကြည့်လဲရေးတင်ပါအုံး(သတ်ပုံမူရင်း) လို့ တုံ့ပြန်ထားသလို NUG နဲ့ ပေါင်းပြီး ကူညီပေးမှုဦးဆောင်တဲ့ AAC ရဲမင်းကိုလည်း တိကျသေချာတဲ့အဖြေပေးဖို့တောင်းဆိုထားတဲ့အပြင် Su Myat Myat Thin အကောင့်ပိုင်ရှင်ကလည်း “အခုထိ ဘာဆိုဘာမှ ထိထိရောက်ရောက် မဖြေရှင်းပေးရသေးပါဘူး အကုန်လုံးက တော်တော်ကိုခက်ခဲနေကြပြီး စားဖို့သောက်ဖို့တောင်မရှိတော့ပါဘူး ဖြေရှင်းပေးမယ်ဆိုလည် ထိထိရောက်ရောက်ဖြေရှင်းပေးပါအုံးရှင့်”လို့ တောင်းဆိုထားပါတယ်။
MOU လုပ်သား ၆၀ ဟာ ထိုင်းနိုင်ငံကို ရောက်တာ ၂ လကျော်လာပြီး အလုပ်မဝင်ရသေးသလို NUG ဖြေရှင်းအောင်မြင်ပြီဆိုပြီး လိမ်လည်ထုတ်ပြန်မှုကလည်း မနက်ဖြန်ဆို တစ်လပြည့်ပြီဖြစ်ပေမဲ့ NUG ကတော့ သူ့လိမ်လည်မှုအတွက် တုံ့ပြန်ဖြေရှင်းပေးမှူ မရှိသေးတာလည်း တွေ့ရပါတယ်။