၂၄.၁၂.၂၀၂၄
Translated by Htwe Ko Tun
တူရကီနိုင်ငံ အနောက်တောင်ပိုင်း မတ်ဂ်လာပြည်နယ်၏ ဆေးရုံတစ်ရုံအမိုးမှ အန်တာလျာမြို့သို့ ပျံသန်းထွက်ခွာသည့် လူနာတင်ရဟတ်ယာဉ်တစ်စီးမှာ ဒီဇင်ဘာလ ၂၂ ရက်က စတင်ပျံတက်စဉ်မှာပင် မြင်ကွင်းမရှင်းလင်းမှုကြောင့် ပျက်ကျခဲ့ကြောင်း သတင်းများအရ သိရသည်။
မတ်ဂ်လာပြည်နယ် အုပ်ချုပ်ရေးမှူး အိုင်ဒရစ် အက်ဘီရစ် က ရဟတ်ယာဉ်မှာ ပျံတက်စဉ် ဆေးရုံ၏ စတုတ္ထထပ်နှင့်တိုက်မိခဲ့ပြီး မြေပြင်သို့ပျက်ကျခဲ့ခြင်းဟု ပြောခဲ့သည်။ရဟတ်ယာဉ်ပေါ်တွင်ပါရှိသော ရဟတ်ယာဉ်မှူးနှစ်ဦး၊ ဆရာဝန်တစ်ဦးနှင့် အလုပ်သမားတစ်ဦးတို့မှာ သေဆုံးခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
အက်ဘီရစ် က “အဲဒီအချိန်က မြူတွေအရမ်းကျပြီး မြင်ကွင်းက မသဲကွဲဘူးဖြစ်နေတယ်” ဟုပြောခဲ့သည်။ အာဏာပိုင်များက ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ၎င်းက ထပ်ဆင့်ပြောကြားခဲ့သည်။
AFP သတင်းဌာနက ရဟတ်ယာဉ်မှာ ဆေးရုံ၏အမိုးမှ အန်တာလျာမြို့သို့သွားရန် မြင်ကွင်းမသဲကွဲသည့်ကြားမှ ပျံတက်စဉ် ပျက်ကျခြင်းဟု သတင်းဖော်ပြခဲ့သည်။ NTV ရုပ်သံကွန်ရက်သတင်းဌာန၏ ဗီဒီယိုတွင် ရဟတ်ယာဉ်မှာဆေးရုံအမိုးမှပျံတက်ပြီးနောက် ပျက်မကျမီ လေထဲတွင်အချိန်အတော်ကြာ မျောပါနေခဲ့သည်ကို တွေ့ကြရသည်။ထို့နောက် ဆေးရုံ၏စတုတ္ထထပ်နှင့် တိုက်မိကာ ဆေးရုံဘေးမြေကွက်လပ်တစ်ခုသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။
Ref- AFP