MT News
၂၄. ၁၂. ၂၀၂၄
ညစ်ညမ်းစာများပါဝင်သော ဝတ္ထုနှစ်အုပ်ဖြစ်သည့် “မေတ္တာနှောင်သီ ချစ်ကြိုးချည်” နှင့် “Match Made in Clouds” ဝတ္ထုနှစ်အုပ် တရားမဝင်စာအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ အသိပေးကြေညာပြီး ပုံနှိပ်သူနှင့် ထုတ်ဝေသူကို တရားစွဲဆိုမည်ဟုလည်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီစစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားရှိသည်။
လုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ဖော်ပြခဲ့သည့် ပုံနှိပ်သူ ဒေါ်အေးမြတ်မွန်၏ Yangon Printing Service နှင့် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ(Maple စာအုပ်တိုက်-၀၃၂၉၅)တို့မှ ပုံနှိပ်၊ ထုတ်ဝေသော မြမိုရ်ရေးသားသည့် “မေတ္တာနှောင်သီ ချစ်ကြိုးချည်” နှင့် စာရေးသူ DIDI ZAW ရေးသားသည့် “Match Made in Clouds” စာအုပ်များတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ)ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိကြောင်း တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ)ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သည့်အတွက် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ် တိုက်-၀၃၂၉၅)၏ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီး ယင်းစာအုပ်များအား တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်းနှင့် ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။