၂၄.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်အစိုးရက သြဂုတ်လ ၅ ရက်မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာစီနာ ကို တရားရုံးတင်စစ်ဆေးမှုတွေပြုလုပ်ဖို့ အလိုရှိနေ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ပေးဖို့ အိမ်နီးချင်းအိန္ဒိယနိုင်ငံအစိုးရကို ပြောခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြားဖြတ်အကြီးအကဲဖြစ်သူက ဒီဇင်ဘာလ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။
တောင်အာရှဒေသရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ခိုင်မာတဲ့ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုအားဖြင့် ဆက်စပ်မှုတွေရှိကြပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ဝန်ကြီးချုပ်ရှိတ်ဟာစီနာကိုဆန့်ကျင်တဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ကာ နောက်ဆုံး သြဂုတ်လ ၅ ရက်မှာ ဟာစီနာလည်း ရာထူးကိုစွန့်ပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ရပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေးမှာ အချင်းများမှုလေးတွေရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့အပြီး နှစ်ပတ်အကြာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အခုလိုတောင်းဆိုမှုပြုခဲ့တာလည်း ဖြစ်ပါတယ်။နှစ်နိုင်ငံစလုံးက သူတို့အကြား မကြည်မလင် ဖြစ်မှုတွေ ဖယ်ရှားကာ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေတည်ဆောက်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Touhid Hossain က ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရှိတ်ဟာစီနာကို တရားစီရင်ဖို့ အလိုရှိနေတယ်ဆိုတာ အိန္ဒိယအစိုးရဆီကို အကြောင်းကြားခဲ့ပါတယ်လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။ ဒါပေမယ့် သူက တရားစီရင်ဖို့ ဆောင်ရွက်ထားတာနဲ့ ပတ်သက်လို့ အသေးစိတ်မပြောကြားခဲ့ပါဘူး။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဟာစီနာရဲ့သားဖြစ်သူ ဆာဂျိ ဝါဇက် တို့ကတော့ ဒီတောင်းဆိုချက်အပေါ် လတ်တလော တုံ့ပြန်ပြောကြားမှု မပြုလုပ်ကြသေးပါဘူး။
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ခေါင်းဆောင် နိုဘယ်ဆုရှင် မူဟာမက် ယူနပ်စ်က အရင်ကလည်း ရှိတ် ဟာစီနာ ကို အိန္ဒိယနိုင်ငံအစိုးရက ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ယူနပ်စ်က ဒီလို ပြန်ပို့ပေးမှသာ ဆန္ဒပြသမားတွေနဲ့ ပြိုင်ဘက်တွေကို ဟာစီနာကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဟာစီနာကို စစ်ဆေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။ ဟာစီနာက လွန်ခဲ့တဲ့ ၁၅ နှစ်ကာလ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတုန်း ဒီရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားကြပါတယ်။
ယူနပ်စ် အနေနဲ့ သူ့အစိုးရကို ဟာစီနာက နယူးဒေလီမှ ဝေဖန်ပြောကြားခဲ့လို့ အနှောင့်အယှက်ဖြစ် ရတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ဟာစီနာအပေါ် လူသားချင်းစာနာမှုမရှိမှု၊ မျိုးတုံးသတ်ဖြတ်မှုနဲ့ လူသတ်မှုတွေအပါအဝင် စွဲချက်ပေါင်းများစွာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံးတွေမှာ စွဲချက်တင်ထားတာပါ။
အိန္ဒိယနိုင်ငံအစိုးရကတော့ အကျယ်တဝင့် ပြောကြားမှုမရှိဘဲ ဟာစီနာဟာ ကြိုတင်ပြင်ဆင်မှုမရှိခဲ့ဘဲ လုံခြုံရေးဆိုင်ရာအကြောင်းတွေအတွက် အိန္ဒိယနိုင်ငံကိုရောက်လာခြင်းဖြစ်ပြီး ဒီမှာဆက်လက်နေထိုင်နေတယ်လို့သာ ပြောထားခဲ့တာပါ။
Ref-CNA