၂၄.၁၂.၂၀၂၄
Written by ThiRi
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၈ နှစ်ကျော်အကြာကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှာကြမှ ရုပ်ရှင်ဥပဒေကို ဖြည့်စွက်ပြင်ဆင်ခဲ့ပြီး အဲ့ဒီအပေါ် ဥပဒေပညာရှင်တချို့က တိုးတက်လာတဲ့ ခေတ်စနစ်နဲ့ လိုက်လျောညီထွေတဲ့ ဥပဒေပြင်ဆင်ချက်တွေပါဝင်ကြောင်းနဲ့ အဓိကကျတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု စံနှုန်း၊ တိုးတက်လာတဲ့ ရုပ်ဝတ္ထု၊ ကျယ်ပြန့်လာတဲ့ ဆိုရှယ်မီဒီယာ လူမှုကွန်ရက်ဖြစ်တဲ့ ပလက်ဖောင်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားတဲ့ ဥပဒေပုဒ်မတွေလို့ ထောက်ပြ ပြောဆိုပါတယ်။
အခုချိန်မှာ လူတိုင်းနီးပါး ဆိုရှယ်မီဒီယာ လူမှုကွန်ယက် ပလက်ဖောင်း တွေပေါ်မှာ Entertain လုပ် ဖျော်ဖြေမှုတွေကို တယ်လီဖုန်း(ကင်မရာ)အသုံးပြုပြီး တင်ဆက်လာနိုင်ကြတာကလည်း ခေတ်ရဲ့ ပြောင်းလဲတိုးတက်မှုတစ်ခု ဖြစ်သလို အဲဒီကနေ ဝင်ငွေအခွင့်အလမ်းတစ်ခုလည်း ဖန်တီးနိုင်ခွင့်ရှိလာကြပါတယ်။
ဥပဒေပညာရှင် ဒေါ်မဉ္ဇူကျော်က” ဟိုတလောက အောင်မြင်ခါစ တက်သစ်စမင်းသားတစ်ဦးဆို သူ့ရဲ့ သရုပ်ဆောင် ဖျော်ဖြေတင်ဆက်မှုတစ်ခုမှာ ရုပ်ရှင်ဆင်ဆာအဖွဲ့က ခွင့်မပြုနိုင်သလို မိသားစုနဲ့ ကြည့်ရှု့ဖို့ မသင့်တော်တဲ့ ဖျော်ဖြေမှုမှာ ပြကွက်တစ်ချို့ကို သူ့အနေနဲ့ သာမန်ကိစ္စတစ်ခုလို သဘောထားပြီး ပြုလုပ်ခဲ့ပေမယ့် အခု ရုပ်ရှင်ဥပဒေ ပုဒ်မ ၄၂ အရ သူ့ဘဝမှာ မထင်မှတ်ထားတဲ့ နစ်နာမှုတစ်ချိုကို သူ မလိုချင်လည်း လက်ခံလိုက်ရတာကြောင့် လူမှုကွန်ရက်မှာ လူပြောများခဲ့တဲ့ သတင်းတစ်ခု ဖြစ်သွားခဲ့ဖူးတယ်”လို့ ပြောပါတယ်။
မိမိပြုလုပ်လိုက်တဲ့ Content video တစ်ခုက Infotainment လည်း ဖြစ်တာရှိနိုင်သလို Entertainment အနေနဲ့လည်းကြည့်ရှု့သူဆီရောက်ရှိနိုင်ပြီး အဲ့ဒီအရာနဲ့ ဆန့်ကျင်ကာ ပိုက်ဆံရရှိရေး တစ်ခုတည်းဦးတည်ပြီး ကြည့်ရှုမိသူများအတွက် အဆိပ်အတောက်သင့်စေတဲ့အရာတွေလည်း ဖြစ်နေတတ်တာကြောင့် ရုပ်သံတွေပေါ်က အနုပညာတန်ဖိုးမဲ့စွာနဲ့ လူသိများသူတွေရဲ့ တင်ဆက်မှုတွေကို အကျိုးရှိစေဖို့ ရည်ရွယ်ပြဌာန်းတဲ့ ပုဒ်မတွေလို့ ယုံကြည်ပါတယ်လို့ ဥပဒေပညာရှင် ဒေါ်မဉ္ဇူကျော်က ဆိုပါတယ်။
သူက “တော်တော်များများ ကြားသိကြပြီးဖြစ်တဲ့ ထင်သာ မြင်သာတဲ့ ဖြစ်စဉ်တွေ အများကြီးလည်း ရှိခဲ့တာပဲလေ။ အနုပညာရှင်တချို့က သူတို့ရဲ့ အနုပညာအောင်မြင်မှုအပေါ် လက်ခံကြတဲ့အပေါ် အကျိုးအမြတ်တစ်ခုလို အသုံးချ၊ဆောင်ရွက်တာမျိုး၊ သူတို့ကိုယ်တိုင် လှုပ်ရှားသွားလာနေသလို ဟန်ပြတဲ့ ရုပ်သံတွေ ၊ Documentary တွေ ရိုက်ကူးမှုတွေကြောင့် နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ ငွေကြေးစီးဆင်းမှုတွေ ထိခိုက်သွားတယ်။ ဒီလိုထိခိုက်မှုတွေ လျော့ကျစေဖို့ ရုပ်ရှင်ဥပဒေ ပုဒ်မ ၄ ရဲ့ ပုဒ်မခွဲ (ဎ) နဲ့ အထက်ကပြောခဲ့တဲ့ အချက်အလက်တွေက ခေတ်နဲ့အညီ ဖြည့်စွက်တယ်လို့ ထင်မြင်မိပါတယ် ” လို့ ပြောပါတယ်။
ပုဒ်မ (၄) ရဲ့ ပုဒ်မခွဲ (ဎ)ပါ အချက်အလက်တွေက အွန်လိုင်းရုပ်ရှင်ရုံတည်ထောင်ခြင်း၊ အပ်ပလီကေးရှင်း အသုံးပြုရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း၊ အွန်လိုင်းပလက်ဖောင်းများအသုံးပြု ရုပ်ရှင်ထုတ်လွှင့်ခြင်းဆိုတဲ့ အချက်အလက်တွေပါ။
ဥပဒေပညာရှင်တစ်ဦးက ဥပဒေတိုင်းမှာ အားနည်းချက် အားသာချက်တွေကတော့ ပါရှိတတ်ကြောင်းနဲ့ အသုံးပြုသူအပေါ်မှာ မူတည်ကြောင်း၊ အခု ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ ဥပဒေကိုလည်း ကောင်းတယ် မကောင်းဘူးဆိုတာထက် လိုက်နာကျင့်သုံးပြီး ရလဒ်နဲ့အတူ ပေါ်ပေါက်လာတဲ့ ခြေနေတွေကို စောင့်ကြည့်သုံးသပ်သင့်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ဆိုရှယ်မီဒီယာခေတ်မှာ ဆင်ဆာဆိုတာကို နားမလည်သူ များလာပြီး တချို့ဖျော်ဖြေမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ အဆိပ်အတောက်ပြည့်တဲ့ အွန်လိုင်းရုပ်ရှင်တွေက ဆယ်ကျော်သက် လူငယ်လူရွယ်နဲ့ ကိုယ်ပိုင်တွေးခေါ်ဆင်ခြင်နိုင်စွမ်းမရှိသေးတဲ့ ကလေးသူငယ်တွေအပေါ် လွှမ်းမိုးရာကနေ လမ်းမှားကို တွန်းပို့နိုင်တာကြောင့် နိုင်ငံရဲ့အနာဂတ်လူငယ်တွေ အကျိုးများစေပြီး လိုက်နာသင့်တဲ့ ဥပဒေများကို Upgrade ပြုလုပ်နိုင်ဖို့ အမှန်တကယ်လိုအပ်ကြောင်း ဥပဒေပညာရှင်က ရှင်းပြပါတယ်။
ရုပ်ရှင်ဥပဒေကို ၁၉၆၂ ခုနှစ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ ရုပ်ရှင်ဥပဒေကို ပထမဆုံး စတင်ပြဌာန်းခဲ့တာဖြစ်ပြီး ၎င်းကို ၁၉၉၆ ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့မှာ ဖျက်သိမ်းပြီး ယခု သိရှိနေကြတဲ့ ရုပ်ရှင်ဥပဒေကို အသစ်ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၁၉၉၆ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဥပဒေကို အခု ၂၀၂၄ ခုနှစ်မှာ စာပိုဒ်အသစ်များ ဖြည့်စွက် ပြင်ဆင်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။