MT News
၂၄. ၁၂. ၂၀၂၄
၁၅ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သော အားကစားသမား ရဲထွန်းနောင်နှင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကား ပြောကြားရာတွင် မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ အမျိုးသားကာယဗလ ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ၄၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ ရဲထွန်းနောင်သည် ထိုက်ထိုက်တန်တန်ဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အပြင် အခြားနိုင်ငံတကာပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များစွာကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများကိုယ်စား ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ပေးသွားမည်ဖြစ်၍ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်လည်း အလားတူ အောင်မြင်မှုများ ရရှိအောင် ဆက်လက်ကြိုးစားသွားကြရန် အထူးတိုက်တွန်းမှာကြားလိုကြောင်း၊ မကြာသေးမီက ကျင်းပ ပြီးစီးခဲ့သည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် Logo ရွေးချယ်နိုင်ရေးအတွက် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူ ၃၁ ဦးတို့၏ ပြိုင်ပွဲဝင် Logo ၆၈ ပုံကို အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ကြ ခြင်းဖြစ်ပြီး အထိမ်းအမှတ် Logo ဆုရရှိခဲ့သူ၊ Mascot နှင့် တေးရေး/တေးဆို ပညာရှင်များကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် အားကစား အခြေခံရှိပြီး သတ်မှတ်အရည်အချင်းရှိသည့် အခြေခံပညာကျောင်းသားလူငယ်များကိုရွေးချယ်၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၌ လက်ခံသင်ကြားပေးခြင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များ၌ အားကစားပညာ BSc(Sports) ဘွဲ့သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ထူးချွန်သည့် လူငယ်မျိုးဆက်သစ် အားကစားသမားများကိုရွေးချယ်၍ နေပြည်တော်လူငယ်အားကစားလေ့ကျင့်ရေး စခန်း၌ လေ့ကျင့်သင်ကြားပေးခြင်းများအပြင် ပဏာမလက်ရွေးစင်လေ့ကျင့်ရေးစခန်းများတွင် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့်ပေါင်းစပ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ထို့အပြင် အားကစားသမားများ၏ ဘဝနောင်ရေးအတွက် ဝန်ကြီးဌာနများတွင် အလုပ်ခန့်အပ်ပေးခြင်း၊ နိုင်ငံ့ ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့ကြသူများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးခြင်းများသာမက အသက်(၆၀)ပြည့်မြောက်ချိန်မှစ၍ သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ်ထောက်ပံ့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားတိုးတက်မြင့်မားရေး အတွက် နိုင်ငံတော်မှ အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိသည့်သလို အားကစားဖြင့် နိုင်ငံ့ဂုဏ် မြှင့်တင် နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စား လာစေရေးအတွက် ဝိုင်းဝန်းစည်းရုံးဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ၁၅ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမား ရဲထွန်းနောင်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၃၀၀)၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် Logo ပြိုင်ပွဲတွင် ဆုရရှိသည့် ဦးစိုးသီဟကျော်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၂၅) သိန်းနှင့် Mascot ရေးဆွဲသူ ဦးသန်းဇော် တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၂၀)တို့ကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ချီးမြှင့်ပေးခဲ့သည်။
ထို့အတူ တေးသီချင်းရေးသားသူ ဦးသန်းလင်းဇော် ခေါ် (ဇေလင်းနိုင် တေးရေး KZO)အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၂၀)ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တေးသီချင်း သီဆိုသူ မဇွန်မိုးစက်လင်း တေးဆို (မိုးစက်လင်း)အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၂၀)ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
Ref & Photo MOSYA