◾️ မြေအောက်လမ်းကူးဥမင်သည် စက်လှေကား ၄ စင်း၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းများအတွက် ဓာတ်လှေကား ၂ စင်း ပါဝင်ပြီး တစ်နာရီလျှင် လူဦးရေ ၁၄,၀၀၀ ဖြတ်သန်းသွားလာနိုင်မည်
၂၃. ၁၂. ၂၀၂၄
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံအကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင် (Underpass) ဖွင့်ပွဲအခမ်းအနားအား ယနေ့ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့က မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး SAC ဥက္ကဋ္ဌက မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက်အဦဝင်ပေါက်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်နေရာသည် ရွှေတိဂုံစေတီတော်သို့ ဝင်ရောက်ဖူးမြော်မှုများပြားသည့် နေရာတစ်ခုဖြစ်သဖြင့် ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာစွာဖြင့် ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများသွားရောက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက်သာ ဖြတ်သန်းသွားလာနိုင်စေရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ SAC ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မြေအောက် လမ်းကူးလူသွားဥမင် (Underpass) အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျားစုစုပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၁၄,၀၀၀ ဦးခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အတွင်း ရွေ့လျားစက်လှေကား ၄ စင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၂ စင်း ထည့်သွင်း တည်ဆောက်ထားခြင်းကြောင့် သက်ကြီးရွယ်အိုများအတွက်လည်း အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ မြေအောက်လမ်းကူး လူသွားဥမင် ဖွင့်လှစ်ခဲ့ခြင်းကြောင့် အများပြည်သူများ၊ ဘုရားဖူးလာပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်မည်ဖြစ်ပြီး ဦးဝိစာရလမ်းပေါ်၌ ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအနေဖြင့်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အထိုက် အလျောက် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။