၂၃. ၁၂. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် တပ်မတော်တစ်ခုတည်းဖြင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်း၊ ယောက်ျား၊ မိန်းမအသက်အရွယ်မရွေး ထမ်းရွက်ကြရမည့် မွေးရာပါ သမိုင်းပေးတာဝန်လည်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည်။
ထို့ကြောင့် အမျိုးသမီးစစ်မှုထမ်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်မွေးထုတ်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်တွင် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး စွန့်လွှတ်နစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများဖြင့် ပါဝင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် သမိုင်းကပေးအပ်လာသည့် အမျိုးသားနိုင်ငံရေးတာဝန်များကိုပါ အောင်မြင်စွာထမ်းရွက်နိုင်ရေးအတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဟူသည့် ဆောင်ပုဒ်အတိုင်း တပ်မတော်သားများနှင့် မိသားစုဝင်များသည် စုစည်းညီညွတ်ရန် အထူးလိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုကြောင့် အဆင့်ဆင့်သော ခေါင်းဆောင်များအနေဖြင့် တပ်တွင်းစည်းလုံး ညီညွတ်ရေးကို အလေးထား တည်ဆောက်သွားရမည်ဖြစ်ပြီး ထိုသို့ တည်ဆောက်သည့်နေရာတွင် ညီညွတ်မျှတသည့် အမိန့်နှင့်တာဝန်များပေးအပ်ကာ မှန်ကန်သည့် ခေါင်းဆောင်မှု၊ လူ့သဘောသဘာဝကို နားလည်စွာ ကွပ်ကဲအုပ်ချုပ်မှုတို့ဖြင့် ပုံဖော်တည်ဆောက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တပ်မတော်၏အားသည် စည်းလုံးညီညွတ်မှုအပေါ်တွင်သာ အခြေတည်လျက်ရှိသည့်အတွက် တပ်တွင်းစည်းလုံး ညီညွတ်မှုရှိပါက မည်သူကမျှ တပ်မတော်ကို ဖြိုခွဲ၍ရမည် မဟုတ်သည်ကို ပြောကြားလိုကြောင်း၊ ထိုကဲ့သို အခြေခံကျသည့် တပ်တွင်းစည်းလုံးရေးကို ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း လက်တွေ့ဆန်သည့် တပ်ပြင်စည်းရုံးရေးကို တိုးမြှင့်ဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။