၂၃.၁၂.၂၀၂၄
Written by Hey Mar
လမ်းသွယ်ကနေ ဖြတ်ထွက်လာတဲ့ ဆိုင်ကယ်က မိန်းလမ်းမကြီးကနေ မောင်းနှင်လာတဲ့ ယာဉ်ကို ဝင်တိုက်မိပြီး ဆိုင်ကယ်စီးနင်းလာသူအမျိုးသား လွင့်ထွက်ပြုတ်ကျတာ ဦးခေါင်းပြင်းထန်ဒဏ်ရာနဲ့ သေဆုံးတဲ့ဖြစ်စဉ် မနေ့က ဒီဇင်ဘာ ၂၂ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ပုလဲအရန် မီးသတ်တပ်ဖွဲ့ထံကနေ သိရှိရပါတယ်။
ဖြစ်စဉ်က မနေ့က ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်ကရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းပေါ်ရှိ ရခိုင်ကျောင်းလမ်းမှတ်တိုင်အနီး၊ မြတ်လေးလမ်းဘက်ကနေ ထွက်လာတဲ့ဆိုင်ကယ်က အမှတ် (၃) လမ်းမအတိုင်း ထောက်ကြံ့ကနေ မြောက်ဥက္ကလာ လားရာကို မောင်းနှင်လာတဲ့ အိမ်စီးကားရဲ့ ညာဘက်ဘေးကို အရှိန်လွန်ဝင်တိုက်မိတာလို့ သိရပါတယ် ။
ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက “မြတ်လေးလမ်းမက ကျွန်တော်တို့ အခေါ်ဆိုရင်တော့ မိန်းလမ်းနဲ့ ယှဉ်ရင် လမ်းသွယ်ပေါ့။ ဆိုင်ကယ်သမားကလည်း အရှိန်နဲ့ ထွက်လာတယ်တဲ့။ ဦးထုပ်မပါဘူး။ ကားကလည်း သူ့လားရာအတိုင်း အရှိန်ပါပါနဲ့မောင်းလာတယ် ပြောတယ်။ နှစ်ဖက်စလုံးအရှိန်များတော့ တိုက်မိတဲ့အချိန် ဆိုင်ကယ်သမားက လွင့်ထွက် ပြုတ်ကျပြီး ဦးခေါင်းပြင်းထန်နဲ့ ဆုံးတာ”လို့ မြေပြင်အခြေအနေကို MT News ကိုပြောပါတယ် ။
သေဆုံးသူက အသက် ၃၅ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကြီးဆီ သက်ဆိုင်ရာညွှန်ကြားချက်နဲ့ ပို့ဆောင်ခဲ့ကာ သေဆုံးသူ မိသားစုကိုလည်း ကူညီဆက်သွယ်ပေးခဲ့တယ်လို့ သိရပါတယ်။