၂၃. ၁၂. ၂၀၂၄
Written by Nay Moe
အမြန်လမ်းပေါ်စောင့်ဆိုင်းပြီး တပ်မတော်ကားများနှင့် ရဲစခန်းများကို မကြာခဏ တိုက်ခိုက်နေသော နွားထိုးကြီး PDF က ယနေ့တွင်လည်း ခရီးသည်တင်ကားများကို စစ်ဆေးကာ ခရီးသွားပြည်သူများကို ယာဥ်ပေါ်မှဆင်းစေပြီး အမြန်လမ်းပေါ် မကြာခင်တိုက်ပွဲဖော်ဆောင်မည်ဟုပါ ခြိမ်းခြောက်ခဲ့သည်။
ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းမှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၃၁၈) တွင် နာရီအတော်ကြာ စစ်ဆေးမှုပြုလုပ်ကာ ပြည်သူများကို ကားပေါ်မှဆင်းခိုင်းပြီး ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ် မလိုအပ်ဘဲ ခရီးမသွားကြရန်၊ ည အချိန်မတော် မထွက်ကြရန်၊ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ရှေ့ဆက်တိုး၍ ကားမမောင်းဘဲ နီးစပ်ရာ လုံခြုံသော နေရာများတွင် နေထိုင်ကြရန်၊ ကားလေးများ မှန်ချမောင်းရန် တားဆီးပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်ကလည်း နွားထိုးကြီး PDF က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ်မှာရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားမှ တဇောက်ချောင်းတံတား လုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။