◾ အကြမ်းဖက်လက်နက်ကိုင် AA နှင့် ထိတွေ့ဆက်ဆံမည်မဟုတ်၍ ဘင်္ဂလားနယ်စပ်အရေး အဖြေရှာပေးရန်ပါ တောင်းဆို
၂၃.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအစိုးရကို ရခိုင်ပြည်နယ်အတွင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းအခြေအနေကို ဖြေရှင်းပေးဖို့တောင်းဆိုခဲ့ပြီး သူ့အနေနဲ့ အကြမ်းဖက်လက်နက်ကိုင် AA လက်နက်ကိုင်အဖွဲ့လို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ ညှိနှိုင်းမှုတွေ ပြုလုပ်နိုင်မှာမဟုတ်ဘူးဆိုတာ အလေးထားပြောကြားသွားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Md Touhid Hossain က ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအရေး အလွတ်သဘောဆွေးနွေးပွဲမှာ Touhid Hossain က မြန်မာအစိုးရသို့ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ သူက ဒေသအတွင်း ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုရရှိစေဖို့ ဘင်္ဂါလီအကျပ်အတည်းအခြေအနေကို ဖြေရှင်းမှုမပြုပါဘဲနဲ့ ဖြစ်နိုင်မယ်မထင်ဘူးလို့ အလေးထားပြောကြားခဲ့ပါတယ်။
အဲဒီအစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ လာအို နိုင်ငံတို့မှ အဆင့်မြင့်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအရေးအပေါ် အကြံပြုဆွေးနွေးခဲ့ကြပါတယ်။
Touhid က “ကျွန်တော်တို့ နှစ်နိုင်ငံနယ်စပ်ဟာ မြန်မာအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိမနေတော့ဘူးဆိုတာ ကျွန်တော်တို့ဘက်က အကြောင်းကြားထားတယ်။ အစိုးရမဟုတ်တဲ့ AA လက်နက်ကိုင်လိုအဖွဲ့တွေက နယ်စပ်ကို ထိန်းချုပ်နေတယ်။ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအနေနဲ့ ကျွန်တော်တို့ သူတို့နဲ့ ထိတွေ့ဆက်ဆံမှုမလုပ်နိုင်ဘူး။ မြန်မာအစိုးရအနေနဲ့ နယ်စပ်နဲ့ ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့ဖြေရှင်းမယ့် နည်းလမ်းကိုရှာရမှာပါ”လို့ သူ့ရဲ့ဆွေးနွေးချက်တွေကို ပြန်လည်ပြောကြားရင်း သတင်းထောက်တွေကို ဒီဇင်ဘာလ ၂၂ရက်က ဒက်ကာမြို့မှာ ပြောခဲ့ပါတယ်။
မြန်မာအစိုးရဘက်ကလည်း သူတို့အနေနဲ့ နယ်စပ်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြန်လည်ပြောခဲ့တယ်လို့ Touhid က ဆိုပါတယ်။ ဒါ့ပြင် ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အဓိကအကြောင်းကိစ္စတွေဖြစ်တဲ့ နယ်စပ်ကိစ္စ၊ မူးယစ်မှောင်ခိုရောင်းဝယ်မှု၊ တရားမဝင်လက်နက်မှောင်ခိုကုန်ကူးမှု၊ လူကုန်ကူးမှုနဲ့ အနာဂတ်နိုင်ငံရေးအခြေအနေ တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့ Touhid က ဆွေးနွေးပွဲတက်ရောက်တဲ့ နိုင်ငံတွေအားလုံးက မြန်မာအစိုးရရဲ့ ပြည်တွင်းကိစ္စတွေဖြေရှင်းမှုနဲ့ ရှေ့ကိုတက်လှမ်းဖို့ကြိုးစားမှုတွေကို ထောက်ခံခဲ့ကြတယ်လို့ပြောခဲ့ပါတယ်။ ဆွေးနွေးပွဲတက်တဲ့ နိုင်ငံတိုင်းကလည်း မြန်မာအစိုးရကိုထောက်ခံခဲ့ကြပါတယ်။ မြန်မာအစိုးရအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဖွဲ့စည်းမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဘာမှစွက်ဖက်စရာလိုမယ်မဟုတ်ပါဘူး။ ဒါပေမယ့် ဆုံးဖြတ်ချက်တစ်ခုဖြစ်လာဖို့ ကျွန်တော်တို့လိုလားပါတယ် လို Touhid က ထပ်လောင်းပြောခဲ့ပါတယ်။
ဇန်နဝါရီလ ၁၉ရက်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအရေး အလွတ်သဘောဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက သဘာပတိအဖြစ်ဆောင်ရွက်ကာ မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းဆွေ၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vikram Misri နဲ့ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး MaZhaoxu တို့လည်း တက်ရောက်ခဲ့ကြတာပါ။
ဒီဇင်ဘာလ ၂၁ ရက်က ဒက်ကာမြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲတစ်ခုမှာလည်း ဧည့်သည်တော်အကြီး အကဲအနေနဲ့ Touhid ကပြောခဲ့ရာမှာ “မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးက ဘင်္ဂလားပင်လယ်အော်နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေအတွက်အလားအလာကို အပြည့်အဝ ဖော်ထုတ်ဖွင့်လှစ်နိုင်ဖို့ အရေးကြီးပြီး ဘင်္ဂါလီအကျပ်အတည်းမဖြေရှင်းဘဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူးလို့လည်းဆိုခဲ့ပါတယ်။ သူက မြန်မာနိုင်ငံမှာ လက်ရှိပြည်တွင်းပဋိပက္ခ စစ်ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ခုနစ်နှစ်အတွင်း ဘင်္ဂါလီ အနည်းဆုံး ၁ ဒသမ ၂ သန်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာကြတယ်ဆိုတာ ထပ်ဆင့်ပြောခဲ့ပါတယ်။
ဒါ့ပြင် Touhid က ဘင်္ဂါလီတွေကို ပြန်ပို့ဖို့ကိစ္စမှာလည်း တိုးတက်မှုမရှိခဲ့ဘူး။ AA လိုအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နယ်စပ်ကိုပါ ထိန်းချုပ်ထားတော့ အခြေအနေပိုရှုပ်ထွေးလာရတယ်လို့လည်း ပြောခဲ့ပါသေးတယ်။
သူက ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒေသတွင်းသယ်ယူပို့ဆောင်ရေး အချက်အခြာဖြစ်လာဖို့နဲ့ သူ့ရဲ့ မဟာဗျူဟာမြောက်တည်ရှိမှုနဲ့ တိုးတက်လာနေတဲ့စက်မှုအခြေခံနဲ့အတူ နိုင်ငံတကာထုတ်လုပ်မှုတွေဝေမျှရာမှာ အဓိကပါဝင်နိုင်ဖို့ အသင့်ပြင်ဆင်ထားမယ်လို့ နောက်ဆုံးပြောခဲ့ပါတယ်။
Ref- Daily Star