၂၃.၁၂. ၂၀၂၄
Translated by Tha Doe
ဂွါတီမာလာကနေ ရွှေ့ပြောင်းအခြေချလာတဲ့ ဒုက္ခသည်အမျိုးသားက အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာ အမျိုးသမီးတစ်ယောက်ကို ရထားပေါ်တင် မီးရှို့သတ်ဖြတ်မှု မနေ့က မနက်ပိုင်းမှာဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဥ်က ဒီဇင်ဘာ ၂၂ ရက် မနက် ၇ နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဘရွတ်ကလင်းကနေ စတီးဝဲလ်ရိပ်သာလမ်းအထိ ပြေးဆွဲတဲ့ မြေအောက် F ရထားပေါ်ဖြစ်ပွားခဲ့တာပါ။
ဒီအသိတရားမဲ့ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နယူးယောက်ရဲဌာန(NYPD) က ရဲမင်းကြီး Jessica Tisch က သတင်းစာရှင်းလင်းပွဲမှာ “လူတစ်ဦးက အခြားလူသားတစ်ဦးအပေါ် ကျူးလွန်တဲ့အထဲက အဆိုးရွားဆုံး ရာဇ၀တ်မှု” လို့ ပြောခဲ့သလို “ရထားက ဘူတာရုံထဲကို ဝင်လာချိန်မှာ သံသယရှိသူဟာ မြေအောက်ရထားတွဲရဲ့အဆုံးမှာ ထိုင်နေတဲ့ မီးရှို့သတ်ဖြတ်ခံရသူရှိရာကို အေးဆေးတည်ငြိမ်စွာ လျှောက်လာခဲ့ပါတယ်။ တရားခံဟာ မီးခြစ်လို့ယူဆရတဲ့ အရာကိုအသုံးပြုပြီး သေဆုံးသူရဲ့အဝတ်အစားတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စက္ကန့်ပိုင်းအတွင်း တစ်ကိုယ်လုံးကို မီးတွေက ဖုံးလွှမ်းသွားပါတယ်” လို့ Tisch က ပြောပါတယ်။
NYPD ရဲတွေက မီးခိုးငွေ့တွေ ညှော်နံ့တွေ ရနေလို့ ဖြစ်စဥ်နေရာ သွားရောက်ရာမှာ ရထားတွဲထဲမှာ လူတစ်ယောက် မီးလောင်နေတာကို တွေ့လိုက်ရတာကြောင့် ဝိုင်းဝန်းငြှိမ်းသတ်လို့ မီးငြိမ်းသွားခဲ့ပေမဲ့ မီးရှို့ခံရတဲ့ အမျိုးသမီးကိုတော့ မကယ်တင်နိုင်ဘဲ အခင်းဖြစ်ရာမှာတင် သေဆုံးသွားခဲ့တာပါ။
နယူးယောက်ရဲတပ်ဖွဲ့ ပြောကြားချက်အရ သံသယရှိသူဟာ မီးလောင်မှုဖြစ်စဥ်နေရာမှာပဲ ဆက်ရှိနေခဲ့ပြီး သူဟာ ရဲတွေက မီးငြှိမ်းသတ်ကယ်တင်တာကို ထိုင်ကြည့်နေခဲ့ပေမဲ့ မီးငြှိမ်းသတ်တဲ့ ရဲတွေက သူ့ကို ပြစ်မှုကျူးလွန်သူလို့ ကနဦးမသိခဲ့ဘဲ ဖြစ်စဥ်ကို ပြန်ကြည့်ချိန်မှ ကျူးလွန်သူအမျိုးသားကို ရထားတွဲအပြင်ဘက် ပလက်ဖောင်းပေါ်က ခုံတန်းရှည်တစ်ခုပေါ် ထိုင်နေတာကို တွေ့ရှိခဲ့တာပါ။
ရဲတွေက အခင်းဖြစ်စဥ်ကို ကြည့်ရှုတဲ့အခါမှာ ကျူးလွန်သူဟာ စောင်ခြုံလျက်သား အိပ်ပျော်နေပုံရတဲ့ အမျိုးသမီးအနားကပ်သွားပြီး မီးခြစ်ထုတ်လို့ မီးတင်ရှို့လိုက်တာကို မြင်ရတာကြောင့် သူ့ပုံကိုထုတ်ပြီး အများပြည်သူ သတင်းပေးနိုင်အောင် အကူအညီတောင်းခံတဲ့အခါ အထက်တန်းကျောင်းသူ ၃ ယောက်က သံသယရှိသူကို မှတ်မိကြောင်း ဖုန်းခေါ်ဆို သတင်း ပေးခဲ့တာပါ။
အဲဒီနောက် အခင်းဖြစ်ပြီး ၈ နာရီကျော်အကြာမှာပဲ တရားခံကို မင်ဟတ်တန်၊ ဟာရယ်စကွဲဘူတာအနီးမှာပဲ မီးခြစ်တစ်လုံးနဲ့ ဖမ်းမိခဲ့တာပါ။
တရားခံနဲ့ သံသယရှိသူအကြား အပြန်အလှန် ဆက်သွယ်ပြောဆို တုံ့ပြန်မှုမရှိခဲ့ဘူးလို့ NYPD ရဲ့ ပို့ဆောင်ရေးအကြီးအကဲ Joseph Gulotta က ပြောကြားခဲ့သလို ဓားစာခံအမျိုးသမီးက အိပ်ပျော်နေတယ်လို့ ယူဆကြောင်းနဲ့ “သူတို့က တစ်ယောက်နဲ့တစ်ယောက် သိတယ်လို့ ငါတို့ မယုံဘူး” လို့ ဆက်ရှင်းပြပါတယ်။
ရဲတွေဟာ ကျူးလွန်သူရဲ့ပုံရိပ်ကို ထုတ်ပြန်ထားပေမဲ့ နာမည်နဲ့ မှုခင်းဖြစ်စဥ်ကို ထုတ်ပြန်ပြောဆိုမှုမရှိသေးဘဲ စစ်ဆေးဆဲကာလမှာ ကျူးလွန်သူဟာ ၂၀၁၈ ခုနှစ်မှာ ဂွါတီမာလာနိုင်ငံကနေ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့လာခဲ့တဲ့ ဒုက္ခသည်လို့ ပြောပါတယ်။ ဒါပေမဲ့ မီးလောင်သေဆုံးသူအမျိုးသမီးကိုတော့ ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး။
နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်က သံသယရှိသူဖမ်းမိဖို့ အာဏာပိုင်တွေကို ကူညီပေးခဲ့သူတွေကို တရားခံဖမ်းမိအပြီး ချီးကျူးခဲ့သလို “ဒီလို ယုတ်ညံ့တဲ့ အပြုအမူမျိုးဟာ ကျွန်တော်တို့ရဲ့ မြေအောက်ရထားတွေမှာ နေရာမရှိသလို အကြမ်းဖက် ရာဇ၀တ်မှုကျူးလွန်ခံရသူအားလုံးအတွက် လျင်မြန်တဲ့ တရားမျှတမှု ရှိစေဖို့ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်သွားမှာပါ” လို့လည်း လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
Ref BBC & NDTV