၂၃.၁၂.၂၀၂၄
Translated by Htwe Ko Tun
ဘရာဇီးနိုင်ငံ တောင်ပိုင်းရှိ ဂရာမာဒိုမြို့၏ မြို့ပြဧရိယာအတွင်းသို့ လေယာဉ်ငယ်တစ်စီး ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်ပါသူ ၁၀ ဦးစလုံးသေဆုံးခဲ့ရပြီး မြေပြင်ပေါ်ရှိ လူတစ်ဒါဇင်ကျော်လည်း ဒဏ်ရာရခဲ့ကြောင်းဖြင့် ဘရာဇီးအာဏာပိုင်များက ပြောကြားခဲ့ကြသည်။
လေယာဉ်ငယ်က ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် လေဆိပ်မှပျံတက်အပြီး မိနစ်ပိုင်းအကြာတွင်ပင် အဆောက်အအုံတစ်ခု၏ မီးခိုးခေါင်းတိုင်တစ်ခုနှင့်တိုက်မိကာ မြေပြင်ရှိ ပရိဘောဂစတိုးဆိုင်တစ်ခုသို့ ပျက်ကျခဲ့ကြောင်း အမျိုးသားမြို့ပြကာကွယ်ရေးအဖွဲ့က ပြောခဲ့သည်။ လေယာဉ်အပျက်အစီး အပိုင်းအစများက စားသောက်ဆိုင်တစ်ခုကိုလည်း ထိမှန်ခဲ့ကြောင်း သိရသည်။
ဂရာမာဒိုမြို့တည်ရှိရာ ရီအိုဂရန်တီဒိုဆူလ်ဒေသ မြို့ပြကာကွယ်ရေးအဖွဲ့က လေယာဉ်ပျက်ကျမှုတွင် အနည်းဆုံး ၁၇ ဦးဒဏ်ရာရခဲ့ကြောင်း၊ လေယာဉ်ပျက်ကျမှုတွင် မီးလောင်ရာမှ မီးခိုးငွေ့များ ရှုရှိုက်မိခြင်းကြောင့်ဖြစ်ကာ အများစုမှာ ဆေးရုံတင်ထားရကြောင်း ပြောခဲ့သည်။
ရီအို ဂရန်တီ ဒိုဆူလ် ဒေသအုပ်ချုပ်ရေးမှူး အီဒူအာဒိုလဲ့တီက လေယာဉ်ပေါ်ပါ ၁၀ ဦးစလုံးမှာလည်းသေဆုံးခဲ့ကြကြောင်း၊ ၎င်းတို့မှာ မိသားစုတစ်စုထဲမှဖြစ်ကာ ဒဏ်ရာရသူများအနက် နှစ်ဦးမှာ မီးလောင်ဒဏ်ရာများကြောင့် စိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း ပြောခဲ့သည်။
ဗီဒီယိုရိုက်ကူးချက်တွင် အဆောက်အအုံတစ်ခု၏အပြင်ဘက်အပိုင်းမှ မီးလောင်နေပြီး အပျက်အစီးအစအနများ မြေပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့ကြရသည်။ ဗီဒီယိုတွင် ဒေသအတွင်း မြူများကျနေ၍ အုံ့ မှိုင်းနေသည်ကိုလည်း တွေ့ကြရသည်။ ဒေသအာဏာပိုင်များက လေယာဉ်ငယ်ပျက်ကျရမှု ဖြစ်ရပ်ဆိုးဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြသည်။
ဂရာမာဒိုမြို့က ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာ တောင်ပေါ် အပန်းဖြေစခန်းငယ်တစ်ခုဖြစ်၍ အထူးသဖြင့် ခရစ္စမတ်ကာလတွင် လာရောက်လည်ပတ်သူ များပြားသည်။
ဘရာဇီးသမ္မတ လူးရစ် အင်နာစီယို လူလာဒါစီလ်ဗာက လေယာဉ်ပျက်ကျမှုတွင် ဓားစာခံထိခိုက်သေဆုံးသူများ၏ မိသားစုများသို့ ဝမ်းနည်းကိုယ်ချင်းစာပါကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
Ref- CNN