October 23, 2024

၁၀. ၁. ၂၀၂၃
Written By Thandar

မြန်မာသံစဥ်တွေကို ပိုင်နိုင်စွာ သီဆိုတတ်တဲ့ တေးသံရှင် မေသက်ထားဆွေရဲ့ အသက် ၂၀ပြည့် မွေးနေ့မှာ အလှုအတန်းတွေနဲ့ ဖြတ်သန်းခဲ့သလို မွေးနေ့တိုင်းမှာ အမြဲတမ်းကုသိုလ်တွေနဲ့ပဲ ဖြတ်သန်းရလို့ ပီတိဖြစ်ရတယ်လို့ ပြောပါတယ်။

သူ့မရဲ့ မွေးနေ့အလှူကိုတော့ ဇန်နဝါရီ ၁၀ ရက်‌ နံနက်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က ဓမ္မစေတီကျောင်းတိုက်မှာ နေ့ဆွမ်း ၊ သင်္ကန်း၊ ဝတ္ထု‌ငွေနဲ့ လှူဖွယ်တွေ ကပ်လှူခဲ့ပါတယ်။

“အရင်ကတော့ မွေးနေ့တိုင်း အလှူလုပ်ရင်းပဲ ဖြတ်သန်းဖြစ်တယ်။ ဒီနေ့က ထူးထူးခြားခြား အသက် ၂၀ ပြည့်တဲ့ မွေးနေ့ပါ။ မှော်ဘီက မဟာဗောဓိရိပ်ငြိမ်တောရ ညီမ သီလရှင်ဝတ်တဲ့ကျောင်းမှာ အာရုံဆွမ်း ဆပ်ကပ် လှူဒါန်းခဲ့တယ်။ နောက်ဓာတ်ဘူးလေးတွေလည်း ကပ်လှူဝေခဲ့ပါတယ်။ နေ့ဆွမ်းကိုတော့ ဓမ္မစေတီကျောင်းမှာ လှူဒါန်းတယ်။ သင်္ကန်းနဲ့ ၀တ္ထုငွေလည်း လှူဖြစ်ပါတယ်။ ညီမရဲ့ မွေးစားအမေဖြစ်တဲ့ Kathit Oo ကုမ္ပဏီ လျှာဂျွမ်းထိုးက မွေးနေ့မှာလှူဖို့ရှိပါတယ်။ ညီမရဲ့ ဆန္ဒကတော့ မွေးနေ့တိုင်းမှာ အမြဲတမ်းကုသိုလ်တွေနဲ့ပဲ ဖြတ်သန်းချင်တာပါ။ ကိုယ့်ဆန္ဒအတိုင်းလှူရလို့ ပီတိလည်း ဖြစ်ပါတယ်”လို့ တေးသံရှင် မေသက်ထားဆွေက ပြောပါတယ်။

လက်ရှိအချိန်မှာ တေးသီချင်းတွေ သီဆိုဖျော်ဖြေမူတွေ လုပ်ဆောင်နေသလို ခရီးသွားရင်း မွေးနေ့ကိုလည်း လျှက်တပြက်စီစဥ်လိုက်တယ်လို့ သိရပါတယ်။ နံနက်ခင်းမွေးနေ့အလှူအပြင် ဒီနေ့ ညနေပိုင်းမှာလည်း သာကေတမြို့နယ် ရှုခင်းသာ ၅ ကွေ့မှာ မုန့်ဟင်းခါး စတုဒီသာကျွေးမယ့်အပြင် Kathit Oo ကုမ္ပဏီ လျှာဂျွမ်းထိုးက အထုပ် ၁၇၀၀ ကိုလည်း ကုသိုလ်ဖြစ်ဝေပေးမယ်လို့ သိရပါတယ်။

“အသက် ၂၀ ပြည့်ပြီးတော့ တစ်နှစ်ထက် တစ်နှစ်ပိုပြီး ရင့်ကျက်ရမယ်။ အသိတွေလည်း ပိုတိုးရမယ်။ လုပ်ငန်းကိုင်ငန်းတွေမှာလည်း Professional ပိုကျရမယ်ပေါ့။ မနက်ပိုင်းက လှူခဲ့တဲ့ကျောင်းမှာ သီလရှင်ဝတ်ခဲ့တဲ့ ကုသိုလ်ကတော့ အဲဒီနှစ်မှာ တကယ်ကိုပြန်ယူလို့မရတဲ့ ကုသိုလ်လို့ ပြောလို့ရတယ်။ ညီမက ၈ ပါးသီလတဲ့။ သီလရှင် ၇ လအတိ ဝတ်ခဲ့တာဆိုတော့လေ။ ၈ ပါးသီလကို လုံအောင်ထိန်းပြီး တရားကို သေချာလည်း အား ထုတ်ခဲ့ပါတယ်။ အဲဒီနှစ်က တကယ့်ကို ထူးခြားတဲ့နှစ်လေးပါ။ ပြန်တွေးရင်တောင် အမြဲတမ်း ပီတိဖြစ်ရပါတယ်။ ညီမအတွက် တန်ဖိုးဖြတ်မရတဲ့ ကုသိုလ်ပါ“လို့ သူမကဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *