၄. ၁၀. ၂၀၂၂
Written by Tha Doe
တအောင်န်းလက်နက်ကိုင်အဖွဲ့ TNLA ထံ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း သွားရောက်တက်မည့် တရားခံ ၁၂ ဦးအား ဖမ်းဆီးရမိထားသည်ဟု SAC က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ညနေပိုင်းတွင် ကျောက်မဲမြို့နယ်၊ Oriental တိုးဂိတ်၌ မန္တလေးမြို့မှ ကျောက်မဲမြို့ဘက်သို ထွက်ခွာလာသည့် “ရွှေလိပ်ပြာ”ခရီးသည်တင် ယာဉ်လိုင်းမှ ယာဉ်မောင်း လှိုင်မင်းထွန်း မောင်းနှင်သည့် ယာဉ်အမှတ်၊ CC-8581 ၊ Wingroad အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ TNLA အဖွဲထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက်မည့် တရားခံများဖြစ်သော ညီညီထွန်း၊ သန့်ဇင်ထွန်း၊ ဟိန်းမင်းဦး၊ ထက်ပိုင်လင်း၊ မျိုးမြင့်မြတ်၊ ကျော်ဇင်ထက်၊ စိုင်းထက်အောင်၊ အောင်ဇော်ဟိန်း၊ ဝေယံဦးနှင့် စနေထွန်းတို့ ၁၀ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်းတွင် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်မည့်သူများအား ချိတ်ဆက်ပိုဆောင်ပေးမည့် တရားခံ ကေလာ အား ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ကားဝင်း၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် စုစုပေါင်းတရားခံ ကျား ၁၂ ဦး အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ညီညီထွန်း၊ သန့်ဇင်ထွန်း၊ ဟိန်းမင်းဦး၊ ထက်ပိုင်လင်း၊ မျိုးမြင့်မြတ်၊ ကျော်ဇင်ထက်၊ စိုင်းထက်အောင်၊ အောင်ဇော်ဟိန်း၊ ဝေယံဦးနှင့် စနေထွန်းတို့ ၁၀ ဦးသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်းဆီးရန်ကျန် တရားခံ သန်းဝင်းအောင်(ခ)ပေါကြီး ခေါင်းဆောင်သည့် ဘုတလင်မြို့နယ်၊ ပိုးကုန်းကျေးရွာရှိ PDF အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး ပိုးကုန်းကျေးရွာ၏ အနောက်ဘက်တောအတွင်း၌ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းအား ၁၀ ရက်ခန့် တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် ညီညီထွန်းပါ ၁၀ ဦးတို့သည် ဖမ်းဆီးရန်ကျန်တရားခံ သန်းဝင်းအောင်(ခ)ပေါကြီး ၏ ချိတ်ဆက်ပို့ဆောင်ပေးမှုဖြင့် TNLA အဖွဲထံ၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် ဘုတလင်မြို့မှ မန္တလေးမြို့သို ခရီးသည်တင်ယာဉ်ဖြင့် လာရောက်ခဲ့ပြီး မန္တလေးမြို့သို ရောက်ရှိစဉ် ဖမ်းဆီးရန်ကျန်တရားခံ သန်းဝင်းအောင်(ခ) ပေါကြီး မှ ကြိုတင်ချိတ်ဆက်ထားသည့် “ရွှေလိပ်ပြာ”ယာဉ်လိုင်းမှ ယာဉ်မောင်း လှိုင်မင်းထွန်း လာရောက်ခေါ်ဆောင်သည့် မော်တော်ယာဉ်ဖြင့် ကျောက်မဲမြို့သို့ ဆက်လက် ထွက်ခွာလာခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံ လှိုင်မင်းထွန်းသည် ညီညီထွန်း ပါ ၁၀ ဦးတို့အား မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ပို့ဆောင်ပေးရန် သန်းဝင်းအောင်(ခ)ပေါကြီးထံမှ ငွေကျပ် ၃ သိန်း လက်ခံရရှိခဲ့ကြောင်း၊ ထို့အပြင် ကျောက်မဲမြို့သို့ ရောက်ရှိပါက ကေလာမှတစ်ဆင့် ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာသို့ ဆက်လက် ပို့ဆောင်၍ TNLA အဖွဲထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား တက်ရောက်မည် ဖြစ်ကြောင်း ဖော်ထုတ်သိရှိရ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက်မည့်သူများနှင့် ကူညီဆောင်ရွက် ပေးသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ထုတ်ပြန်ချက်အရ သိရသည်။