October 23, 2024

၁၀. ၁. ၂၀၂၃
Written by Pan Ei

အစိမ်းရောင်ကြယ်တံခွန်ဟာ နေပတ်လမ်းကြောင်းကို ပြီးမြောက်အောင် လှည့်ပတ်ဖို့ နှစ်ပေါင်း ၅၀,၀၀၀ အထိ ကြာမြင့်တာကြောင့် ကျောက်ခေတ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာနဲ့အနီးဆုံးကို ရောက်လာမှာဖြစ်ပြီး ဖေဖော်ဝါရီလအစမှာ သာမန်မျက်စိနဲ့ တွေ့မြင်နိုင်တော့မှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီဂိုခရိုင်မှာရှိတဲ့ နက္ခတ္တပညာရှင်တွေက ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်မှာ C/2022 E3 (ZTF) လို့ အမည်ပေးထားတဲ့ အဆိုပါအစိမ်းရောင်ကြယ်တံခွန်ကို ရှာတွေ့ခဲ့ကြတာဖြစ်ပြီး ကြယ်တံခွန်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ နေနဲ့ အနီးဆုံးအမှတ်ကို ချဉ်းကပ်သွားမှာဖြစ်တယ်လို့ နာဆာက ထုတ်ပြန်ခဲ့ပါတယ်။

နေကို ချဉ်းကပ်လာတာနဲ့အမျှ တဖြည်းဖြည်းပိုတောက်ပလာမယ့် ကြယ်တံခွန်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့နဲ့ ၂ရက်အကြားမှာ ကမ္ဘာမြေနဲ့ အနီးကပ်ဆုံး အနေအထားဖြစ်လာမယ့် မိုင် ၂၆ သန်း (ကီလိုမီတာ ၄၂ သန်း) ခန့် အကွာကနေ ဖြတ်သန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကြယ်တံခွန်ကို ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ နေထိုင်နေတဲ့သူတွေက မှန်ဘီလူးတွေ၊ အဝေးကြည့်မှန်ပြောင်းတွေ အသုံးပြုပြီးတော့ နံနက်ကောင်းကင်ယံမှာ ဇန်နဝါရီတစ်လလုံး တွေ့မြင်နိုင်မှာဖြစ်ပြီး ကမ္ဘာ့တောင်ခြမ်းကလူတွေကတော့ ဖေဖော်ဝါရီလအစမှာ ကြည့်ရှုတဲ့ အခြေအနေနဲ့ ကြယ်တံခွန်ရဲ့ တောက်ပမှုပေါ်မူတည်ပြီး ကြည်လင်တဲ့ ညဘက်ကောင်းကင်ယံမှာ သာမန်မျက်စိနဲ့ တွေ့မြင်နိုင်မှာဖြစ်တယ်လို့ နာဆာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Ref; Insider, CNN

Leave a Reply

Your email address will not be published. Required fields are marked *