၂၂. ၁၂. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆိုဖြေရှင်းနိုင်မည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားတွင် ပြောကြားသည်။
နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ရနိုင်မည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့ အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း၌ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေအများဆုံးရှိပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူဦးရေသည် ဒုတိယအများဆုံးဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတည်ငြိမ်အေးချမ်းရန်၊ ကြွယ်ဝချမ်းသာရန် ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းများနှင့် ဘာသာဝင်များက အရေးကြီးသည့်နေရာတွင်ရှိနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် ကျရာကဏ္ဍအသီးသီးမှ ပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းပြောကြားလိုကြောင်း၊ ယခု ခရစ္စမတ်အချိန်အခါကစပြီး ဘုရားရှင်၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ မြန်မာနိုင်ငံသာမကဘဲ ကမ္ဘာတစ်ဝန်း ရှိ ပြည်သူပြည်သားအားလုံး တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ သည်းခံပေးမှုစိတ်ထားများဖြင့် တည်ငြိမ်အေးချမ်းသာယာလှပသည့် လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်သွားကြရန် နှိုးဆော်လျက် ခရစ္စမတ်ဆုမွန်ကောင်းတောင်းပါကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။