၂၂. ၁၂.၂၀၂၄
Written by Nyein Kyaw
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး ဆောင်ရွက်ခဲ့ကြာင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားတွင် ပြောကြားသည်။
နှစ်(၁၀၀)ကာလအတွင်း တက္ကသိုလ်အနေဖြင့် နိုင်ငံတော်က အားထားရမည့် အသိပညာရှင် အတတ်ပညာရှင်များအဖြစ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ(၁၃,၁၉၇)ဦး၊ မဟာ သိပ္ပံဘွဲ့ရ(၆၇၃)ဦး၊ ပါရဂူဘွဲ့ရ(၈၅)ဦး၊ ဘွဲ့လွန်ဒီပလိုမာ လက်မှတ်ရ(၇၀)ဦးနှင့် မဟာ ဒဿနဘွဲ့ရ(၁၁)ဦးတို့ကို မွေးထုတ်နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့ မွေးထုတ် ပေးနိုင်ခဲ့သောကြောင့် နိုင်ငံ့အတွက်အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး ဆောင်ရွက်ခဲ့ကြာင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးဟူသည့် စီးပွားရေးဦးတည်ချက်များကို ထည့်သွင်းချမှတ်ပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံအတွင်းစားရေရိက္ခာဖူလုံပိုလျှံအောင် ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်နေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧက စုစုပေါင်း (၃၃)သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံမှုရှိစေရေး၊ ပြည်ပကိုတိုးချဲ့ တင်ပို့ရောင်းချနိုင်ရေးနှင့် သွင်းကုန်အစားထိုး ပမာဏတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း၊ ပန်းတိုင်းရည်မှန်းချက်သည် အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ်ထားခြင်းဖြစ်သဖြင့် ဒေသအလိုက် ပန်းတိုင်ပြည့်မှီရေး စနစ်တကျ သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုသည်လည်း နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဖြစ်ကြောင်း၊ထိုသို့လုပ်ဆောင်ကြသည့်နေရာတွင် စိုက်ပျိုးရေးပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးးကြီးသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်စပ်နေသည့် အခြားဆက်စပ်ကဏ္ဍများမှ ပညာရှင်များဖြင့် ချိတ်ဆက်လုပ်ဆောင်မှုသည်လည်း အရေးကြီးကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။