၂၂. ၁၂. ၂၀၂၄
Written by Tha Doe
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က Apollo ဟိုတယ်အနီးမှာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ဗိုလ်မှူးဇေယျာမင်းကို ဒီနေ့ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ပစ်ခတ်လုပ်ကြံမှု ကျုးလွန်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ Yangon Phoenix က ထုတ်ပြန်ထားပါတယ်။
ဒီလုပ်ကြံမှုကို Yangon Phoenix နဲ့ Together Urban Force ပြောက်ကျားအဖွဲ့တို့ ကျုးလွန်ခဲ့တာလို့လည်း အသိပေးထုတ်ပြန်ထားပြီး “ရန်ကုန်မှာဆို မင်းဘာသာ ဘာကောင်ဖြစ်ဖြစ် မလုံခြုံဘူး။ ငါတို့ဘက်မှာ ပြည်သူရှိတယ်။ မတရားမှုကိုပြုသူမှန်သမျှ ပြန်ပေးဆပ်ရမယ်။ မင်းတို့ နိဂုံးက မကြာတော့ပါဘူး”လို့လည်း ကျုးလွန်တဲ့ Together Urban Force က လူမှုကွန်ရက်မှာ ထုတ်ပြန်ဖော်ပြပါတယ်။
ပစ်ခတ်ခံရတဲ့ စရဖဗိုလ်မှူးဇေယျာမင်းကို မင်္ဂလာဒုံစစ်ဆေးရုံ ပို့ဆောင်ခဲ့သလို ဗိုလ်မှူးဇေယျာမင်းဟာ Apollo ဟိုတယ်မှာပြုလုပ်တဲ့ ညီဖြစ်သူ မင်္ဂလာဆောင်ကို ညီမဖြစ်သူနဲ့ လာတာဖြစ်ကြောင်း၊ ဗိုလ်မှူးဇေယျာမင်းကို မစိုးရိမ်ရ ကျည်သုံးချက်ထိပြီး နှမဖြစ်သူကိုလည်း မစိုးရိမ်ရ ကျည်တစ်ချက်ထိကြောင်း စသဖြင့် လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဗိုလ်မှူးဇေယျာမင်း ဒဏ်ရာရရှိထားပုံနဲ့ ဖော်ပြထားပါတယ်။