၂၂.၁၂.၂၀၂၄
Written by Hey Mar
တက္ကစီယာဉ်မောင်းကို ပုလင်းနဲ့ ခေါင်းကိုထုရိုက်ခွဲပြီး ကားလုယက်တဲ့ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့လယ်နှစ်နာရီဝန်းကျင်ခန့်က ရန်ကုန်တိုင်းဒေသကြီး မဂ်လာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လုယက်ယူဆောင်သွားတဲ့ ကားက TOYOTA SUCCEED အမျိုးအစားဖြစ်ပြီး ဖြစ်စဉ်က ဒီနေ့ နေ့လယ်ခင်း ၂ နာရီခွဲ၀န်းကျင်ခန့်က မင်္ဂလာဒုံ အ.လ.က (၄) ကျောင်းအနီးအရောက် ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် အမျိုးသားလူရွယ်နှစ်ဦးက သူတို့လူနဲ့ချိန်းဆိုထားတာကို စောင့်မယ်ဆိုကာ စောင့်ခိုင်းခဲ့ကြောင်း၊ အဲဒီနောက် လူရှင်းချိန်မှာ ယာဉ်မောင်းကို သတိလစ်တဲ့အထိ ပုလင်းနဲ့ထုကာ ကားလုယူသွားတာဖြစ်ကြောင်း လုယက်ခံရတဲ့ ယာဉ်မောင်းရဲ့ ဆွေမျိုးတစ်ဦးက MT News ကို ပြောပါတယ်။
“လက်ရှိမှာတော့ ကျွန်မတို့ ရဲစခန်းမှာပူးပေါင်းဆောင်ရွက်နေဆဲပါ။ ကားကို မြေနီကုန်းမှာ ပြန်တွေ့တယ်။ သော့ခတ်ထားခဲ့တယ်ဆိုလို့ တာဝန်ရှိသူတွေနဲ့အတူ သားဖြစ်သူက လိုက်သွားပါတယ်။ အဖေ (ယာဉ်မောင်းဖြစ်သူ) က ဒဏ်ရာကြီးကြီးမားမားမရခဲ့တာဘဲ တော်ပါသေးတယ်။ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာတွေတော့ရသွားတာပေါ့။ တာဝန်ရှိသူတွေနဲ့ လိုက်ပါ ဆောင်ရွက် နေသူ ပြန်လာမှပဲ အသေအချာထပ်သိနိုင်မှာ” လို့ တက္ကစီယာဉ် လုယက်ခံရသူ ယာဉ်မောင်းရဲ့ မိသားစုဝင်ကို MT News က ဆက်သွယ်မေးမြန်းကြည့်လို့ သိရပါတယ်။
ဒီရက်ပိုင်းထဲ တက္ကစီယာဉ်နဲ့ ယာဉ်မောင်း လုယက် ရန်ပြုခံရတာတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပြီး၊ တက္ကစီယာဉ်မောင်း ဂရုတွေက လိုက်လံကူညီရင်း ဖမ်းမိတာတွေလည်းရှိတယ်လို့ ဆိုရှယ်မီဒီယာပေါ်က တက္ကစီဂရုတွေမှာ ပုံနဲ့တကွ တင်ပြထားကြတဲ့ ဖြစ်စဉ်တွေအရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း အမှတ် ၇ လမ်းမကြီးပေါ်မှာ တက္ကစီလုယက်မှု ဖြစ်ပွားခဲ့ပြီး ဂရုအချင်းချင်း ချိတ်ကူညီနိုင်ခဲ့တာကြောင့် ကျူးလွန်သူ သုံးဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ကူညီဖမ်းဆီး အပ်နှံနိုင်ခဲ့သလို အဲ့ဒီနေ့မှာပဲ ကိုးမိုင် ရွှေနှင်းဆီလမ်းနဲ့ လှိုင်သာယာ မြစိမ်းရောင် စက်မှုဇုန်ထဲမှာ ထပ်မံ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။ နောက်ပြီး ဒီဇင်ဘာ ၁၂ရက်နေ့ ည ကိုးနာရီကျော်အချိန်ခန့်က မရမ်းကုန်းမြို့နယ် ၊ ၉ မိုင် ဂေါက်ကွင်းအကျော်မှာ တက္ကစီယာဉ်မောင်းကို ခရီးသည်က ဓားနဲ့ထိုးပြီး လုယက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။