ဖြိုးဝေ
၂၂. ၁၂. ၂၀၂၄
MNDAA ၊ TNLA ၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ SAC ဥက္ကဋ္ဌက ပြောကြားလာသလို အားကစားပွဲတော် ကျင်းပခြင်းဟာ နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပြီး နိုင်ငံကိုကာကွယ်နေခြင်းဖြစ်တယ်လို့ပါ ပြောကြားလာတဲ့ ဒီတစ်ပတ်မှာ KTLA နဲ့ KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦးဟာ မူးယစ်ဆေးသုံးပြီး မြန်မာတွေအများဆုံးနေထိုင်ရာ ထိုင်းနယ်စပ်က အုန်းဖန်မြို့မှာ ဗုံးခွဲလိုက်လို့ လူ ၄ ဦးသေဆုံးပြီး ၅၀ ကျော် ၆၀ ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်နဲ့ KTLA တပ်ဖွဲ့ဝင် ၃ ဦးကို KNU ပစ်သတ်ပြီး ၁၄ ဦးကို ဖမ်းဆီးလိုက်တဲ့ဖြစ်စဥ်မျိုး မြင်ခဲ့ရပါတယ်။
ဒါ့အပြင် မျက်မှောက်ခေတ် စစ်ပွဲတွေ လက်နက်ကိုင်ပဋိပက္ခတွေမှာ စစ်ပွဲအောင်နိုင်ရေးဟာ လေကြောင်းနဲ့ အာကာသစွမ်းအားက အဓိကအရေးပါတဲ့အတွက် တပ်မတော်(လေ)အနေနဲ့ မျက်ခြည်မပြတ် ပြောင်းလဲတိုးတက် ဆောင်ရွက်နေရမယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာ၊ AA နဲ့ NUG ကို သစ္စာခံပူးပေါင်းနေတဲ့ ချင်းလက်နက်ကိုင် CB က ချင်းလက်နက်ကိုင် CC ကို ထောက်ခံတဲ့ ချင်းလူမျိုးတွေကို လက်နက်အားကိုးပြီး အာဏာသုံး အနိုင်ကျင့်မှုအပေါ် ချင်းလူထု ရှုတ်ချလာတာ၊ TNLA ရဲ့ အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် (၄) ကို ၁၃၂ ဦးတက်ရောက်ခဲ့ပေမဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း ၁၂ ဦးသေပြီး ၁၁၄ ဦးပဲ သင်တန်းဆင်းနိုင်ခဲ့တာ၊ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အနှစ် ၂၀ ကျော် အမွေလုနေတဲ့ ခြံအမှတ်(၅၄)ရဲ့ ကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ ကနေ ၂၉၇ ဘီလျံဆီ ထပ်မံလျှော့ချတာ၊ မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်သူ စစ်ရှောင်ဦးရေ ၂၀၂၅ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်းတိုးလို့ ၄ ဒသမ ၅သန်းအထိ ရှိလာမယ်လို့ ကုလသမဂ္ဂခန့်မှန်းတာ၊ ပသုံးလုံးကိုဝေဖန်၊ ပြည်သူကို မျှစ်ဝါးခုတ်ရုံနဲ့ သေဒဏ်စီရင်ချင်တဲ့ NUG လက်အောက်ခံ ကျောပအဖဟာ ရှုတ်ချခံရမှ သေဒဏ်ချခြိမ်းခြောက်အမိန့်ပြန်ရုပ်သိမ်းတာ၊ နွေဦးတော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း PDF နဲ့ EAO တွေက မြန်မာ့မီးရထားကွန်ရက်အတွင်း ဗုံးခွဲဖျက်ဆီး မီးရှို့မှု ၂၆၉ ကြိမ် ကျူးလွန်ခဲ့တာ၊ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံသား ၅ ဒသမ ၅ သန်းကို အရေးပေါ်လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ဖို့ ဒေါ်လာ ၁ ဘီလျံကျော်လိုအပ်နေတယ်ဆိုတာတွေအပြင် KNDF ဆေးတပ်သား ၁၈ ဦး တောင်ကျချောင်းရေထဲ မျောပါ သေဆုံးခဲ့ရမှုဖြစ်စဥ်အတွက် အရက်သေစာသောက်စားပြီး Happy Mission ခေါင်းစဥ်တပ် ချောင်းရေဖြတ်ကူးခိုင်းတဲ့ သင်တန်းကျောင်းအုပ်နဲ့ သင်တန်းဆရာကို အလုပ်ကြမ်းနဲ့ ထောင် ၁ နှစ် ၃ လစီပဲချမှတ်တဲ့ ဖြစ်စဥ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ သုံးသပ်ချက်အဖြစ်တော့ NUG က ထုတ်ပေးနေတဲ့ နိုင်ငံကူးလက်မှတ်ကို တရားမဝင်ဘူးလို့ ကိုရီးယားအစိုးရက တရားဝင်ကြေညာလိုက်တာ၊ ရခိုင်မှာ AA သိမ်းဖို့က လေးမြို့ပဲကျန်တော့တယ်လို့ ထုတ်ပြောလာတာ၊ ဧရာဝတီကို စစ်ပြင်ဖို့ ပြင်လာတာတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ရွေးကောက်ပွဲကျင်းပစေချင်တယ်လို့ တုံ့ပြန်လာတာတွေကို သုံးသပ်ချင်မိပါတယ်။
◾ တောင်ကိုရီးယားက တရားမဝင်ကြောင်း ကြေညာတဲ့ NUG ရဲ့ နိုင်ငံကူးလက်မှတ်
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းအတွင်းမှာ နစကအစိုးရလုပ်ဆောင်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို တောင်ကိုရီးယားနိုင်ငံရောက် NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေပြီလို The Voice of Spring၊ Hlaing Moe Thu၊ Nay Win Aung စတဲ့ Page တွေ အကောင့်တွေက သက်တမ်းတိုးပေးထားတဲ့ ပုံတွေနဲ့တကွ ဖော်ပြခဲ့ပြီးနောက် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကစ ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား)ရောက် မြန်မာလုပ်သားတွေ ကိုင်ဆောင်နေတဲ့ နိုင်ငံကူးလက်မှတ်ကို အတုအပပြုလုပ်ပြီး သက်တမ်းတိုးပေးနေသူတွေကို အိမ်ရှင်နိုင်ငံနဲ့ ပူးပေါင်းပြီး အရေးယူဖို လုပ်ဆောင်နေတယ်လို ထုတ်ပြန်အပြီးမှာ တောင်ကိုရီးယားအစိုးရဘက်က NUG တံဆိပ်နဲ့သက်တမ်းတိုးထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်တွေက တရားမဝင်ဘူးလို့ ဒီဇင်ဘာ ၁၈ ရက်မှာ အတည်ပြုထုတ်ပြန်ပေးလာခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်မှာဆိုရင် ကိုရီးယားနိုင်ငံဆိုင်ရာ NUG ရုံးလို့ တံဆိပ်နှိပ်ပြီး သက်တမ်းတိုးထားတဲ့ နိုင်ငံကူးလက်မှတ်တွေ၊ စာရွက်စာတမ်းတွေကို တရားဝင်စာရွက်စာတမ်းအဖြစ် အသိအမှတ်မပြုကြောင်းနဲ့ အနာဂတ်မှာ မြန်မာနိုင်ငံက တရားဝင်နိုင်ငံကူးလက်မှတ်တွေနဲ့ ကွဲလွဲမှုမဖြစ်စေဖို့ အထူးဂရုစိုက်ဖိုလည်း ထုတ်ပြန်ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာ NUG ဟာ လေလှိုင်းပေါ်က အစိုးရပီပီ လူထုထိခိုက်နိုင်ခြေတွေ စဥ်းစားတွေးခေါ်နိုင်တဲ့အသိဥာဏ် အားနည်းမှုလည်းမြင်ရပြီး ကမ္ဘာက အသိအမှတ်ပြုမခံရသေးချိန်မှာ လူထုဒုက္ခရောက်အောင် ပေါက်ကရအမြဲ
လုပ်နေတယ်ဆိုတာ ဒီဖြစ်ရပ်မှာ ပို မြင်သာစေခဲ့ပါတယ်။ ဘယ်လိုနိုင်ငံမျိုးမှာမှ အစိုးရနှစ်ရပ်၊ Passport နှစ်ခုမရှိတာကို ရေရှည်ဖြစ်နိုင်ပါ့မလားဆိုတာ မစဥ်းစားဘဲ ကိုရီးယားရောက်မြန်မာတွေရဲ့ Passport တွေကို ဖျက်သိမ်းပြီး သူ့တံဆိပ်တုံးနဲ့ လူရာဂဏန်းကို Passport ထုတ်ပေးထားတာပါ။ အခုဆို NUG ကို ယုံမိလို့ သူထုတ်ပေးတဲ့ Passport အတု ကိုင်ထားမိသူတွေဟာ ပဋာမြေလူးအဖြစ် ကြုံနေရပြီး လက်ထဲကိုင်ထားမိတဲ့ NUG Passport က တရားမဝင်၊ တရားဝင် Passport အဟောင်းက NUG ရုံးရဲ့လက်ချက်နဲ့ ပယ်ဖျက်ခံလိုက်ရသလို မြန်မာအစိုးရရုံးဘက်ကလည်း NUG ထုတ်ပေးတဲ့ Passport ပြောင်းကိုင်သူတွေကို Blacklist သွင်း၊ အရေးယူမှာပါ။ ဒီလူတွေဟာ NUG ပေးတဲ့ သောကနဲ့ မစဥ်းစားမဆင်ခြင်လုပ်မိတဲ့လုပ်ရပ်ကြောင့် အမိမြေပြန်ဖို့တောင် မလွယ်တော့ဘဲ အတင်းပြန်ချင်လည်း ထောင်ကျခံရမဲ့ဘဝ ရောက်သွားရတော့တာပါပဲ။
◾ ကျောက်ဖြူနဲ့မှ လေးမြို့ပဲကျန်တော့တဲ့ ရခိုင်
လားရှိုးနဲ့ ရမခကျအပြီးမှာ ဒုတိယအရှက်ရစရာကျဆုံးမှုအဖြစ် ရခိုင်ပြည်နယ်၊ အမ်းမြိုနယ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် နေ့လယ် ၁ နာရီ ၄၀ မိနစ်မှာ AA က တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ထုတ်ပြန်လာတာပါ။
နပခနဲ့ အမ်း မြိုနယ်တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အမ်းမြို့ဟာ AA က အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်တဲ့ (၁၄) မြို့မြောက် မြို့ဖြစ်လာခဲ့ပြီလို့လည်း AA က ဝင့်ကြွားလာပြီး အရင်ကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ AA က ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်နဲ့ မောင်တောကို သိမ်းထားတာပါ။ လက်ရှိအချိန်မှာလည်း ဂွမြို့နယ်အတွင်း AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ဂွမြို့ရဲ့ ဒေသခံတပ်ရင်းတွေနဲ့ စစ်ကူလာတဲ့ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းတွေ၊ အခြားတပ်ရင်းပေါင်းများစွာနဲ့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေပြီး ဂွမြိုရဲ့ သုံးပုံနှစ်ပုံခန့်ကိုလည်း သိမ်းပိုက်ရရှိထားပြီလို့ ဆိုပါတယ်။ ဒါကြောင့် ဂွမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးရင် ရခိုင်ပြည်နယ်အတွင်း ဆက်လက်သိမ်းပိုက်ဖို့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် (၃) မြို့သာ ကျန်ရှိတော့မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တပ်မတော်မှာ စစ်တိုင်း ၁၄ တိုင်းရှိလို့ ရမခနဲ့ နပခ ဆုံးရှုံးရတာဟာ သိပ်မသိသာဘူးလို့ ထင်ရပေမဲ့ ဒီစစ်တိုင်းနှစ်ခုဟာ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ကို အဓိကထိန်းချုပ်ရမဲ့ စစ်တိုင်းဖြစ်သလို မြို့သိမ်းနိုင်သွားတဲ့ တရုတ်ကိုးကန့် MNDAA ဟာ သူကြောက်ရတဲ့ တရုတ်က ညှိပေးတာတောင် လားရှိုးကနေ ပြန်မဆုတ်တဲ့အပြင် လားရှိုးကို အထူးဒေသ (၁) ထဲ ထည့်သွင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်တဲ့အထိ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ဖို့တာဝန်ရှိတဲ့ တပ်မတော်ဟာ ရမခရှိရာ လားရှိုးကို အထူးဒေသ (၁) ထဲ ထည့်ပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အတိအလင်းဖောက်ဖျက်သလို ညှိနှိုင်းမရတဲ့ MNDAA ကို အတိအကျအရေးယူရမှာဖြစ်သလို နပခကို သိမ်းတဲ့ AA ကိုလည်း အရေးယူရမှာပါ။ ကိုယ့်တိုင်းစစ်ဌာနချုပ်ကို ရန်သူက သိမ်းရင် ရန်သူရဲ့ ဌာနချုပ်ကိုလည်း တိုက်ခိုက်ရပါမယ်။ ဒီနေရာမှာ NCA အရ EAO တွေရဲ့ ဌာနချုပ် တိုက်ခွင့်မရှိဘူးလို့ ပြောပေမဲ့လည်း NCA ကို လိုက်နာမှုဟာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအပေါ်ပဲ ဖြစ်သင့်ပြီး လက်မှတ်ထိုးမထားသလို အကြမ်းဖက်အဖွဲ့တွေအဖြစ်လည်း သတ်မှတ်ထားတဲ့ MNDAA ၊ TNLA ၊ AA နဲ့ KIO/KIA တို့အပေါ် စောင့်ထိန်းဖို့မလိုဘူးလို့ဘဲ မှတ်ယူပါတယ်။
◾ ပျက်စီးတော့မယ့် ဧရာ၀တီ
PDF တွေ မရှိလို့ နယ်မြေဒေသအေးချမ်းပြီး တိုက်ပွဲမဖြစ်တာကြောင့် ဘေးကင်းလုံခြုံနေတဲ့ ဧရာဝတီတိုင်းကို စတင်ထိုးဖောက်လှုပ်ရှားမယ်လို့ NUG က ထုတ်ပြန်လာသလို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူပြီး တိုင်းစစ်ဌာန(ဧရာဝတီ)ကို စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာ အဆင့်ဆင့် ဖွဲစည်းခဲ့ပြီးဖြစ်တယ်လို့လည်း ထိုးဖောက်မယ့်အစီအစဥ်ကို NUG က အသိပေးထားပါတယ်။
လက်ရှိမှာဆို နိုင်ငံရဲ့ ထက်ဝက်ခန့်မှာ NUG ရဲ့ ပသုံးလုံးတွေ ဆက်ကြေး၊ ဂိတ်ကြေးကောက်ခံမှုပြုလုပ်ပြီး မပေးရင် ဒလန်၊ သူလျှို စွပ်စွဲပြီး မုဒိမ်းကျင့် သတ်ဖြတ်လုယက်တာ၊ ဖမ်းမိသူလည်လှီးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှု၊ ပြည်သူကို သေဒဏ်ပေးမှု၊ သစ်ခုတ်၊ ဝါးခုတ်၊ မျှစ်ချိုးလို့ ပသုံးလုံးကို ဝေဖန်ရင်ကို သေဒဏ်စီရင်မယ်လို့ ခြိမ်းခြောက်ကျူးလွန်နေတဲ့ NUG လည်း မထိန်းနိုင်တဲ့ ပသုံးလုံးတွေသာ ဧရာဝတီကို တကယ်ရောက်လာရင် မြန်မာ့စပါးကျီပျက်သုဥ်းခြင်းကို ရင်ဆိုင်ရတော့မှာပါ။ မြန်မာနိုင်ငံအလယ်ပိုင်းက စပါးအပါအဝင် လယ်ယာသီးနှံစိုက်ခင်းတွေဟာ PDF တွေရဲ့ မိုင်းကျင်းဖြစ်ကုန်သလိုမျိုးသာ ဧရာဝတီမှာဖြစ်လာရင် မြန်မာ့စပါးကျီပျက်သုဥ်းခြင်းရဲ့နောက်မှာ အခုထက်ပိုဆိုးတဲ့ အငတ်ဘေးကို မြန်မာတစ်နိုင်ငံလုံးလည်စင်းခံရတော့မှာပါ။ ပိုဆိုးတာတစ်ခုကလည်း AA ဟာ စစ်တွေကို ဩဂုတ်လထဲတိုက်ချိန် အသေအကျများတာကြောင့် ပြည်နယ်ရဲ့မြို့တော်ကို နစကအစိုးရက လွယ်လွယ်လက်မလွှတ်တာသဘောပေါက်တာ၊ တရုတ်ကိုကြောက်လို့ ကျောက်ဖြူကို မထိရဲတာကြောင့် သုံးမြို့ပဲကျန်တော့တဲ့ ရခိုင်ထက် ဂွကနေ ငွေဆောင်၊ ချောင်းသာ၊ မော်တင်စွန်းအထိဆင်းပြီး ဧရာဝတီကမ်းရိုးတန်းကို ဒုက္ခပေးဖို့ကြံဆနေတာဟာလည်း ရခိုင်တွေပေးတဲ့ ဒုက္ခကို ဧရာဝတီသားတွေက အသက်နဲ့ ဘဝ အလဟဿ အဆုံးရှုံးခံရမယ့်အခြေအနေဆိုး ကြုံရတော့မှာပါ။ ပိုဆိုးတာက ရခိုင်တွေသိမ်းခဲ့တဲ့မြို့တွေမှာ အဓိက ကြုံရတဲ့ အိမ်ဖောက်ထွင်းခိုးယူ မုဒိမ်းကျင့် သတ်ဖြတ် မီးရှို့မှုလည်း ရင်ဆိုင်ရတော့မှာပါ။ ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့ ကိုယ့်အိမ်ဘေးမှာ မသင်္ကာစရာစုဖွဲ့မှုမြင်ရင် သတင်းပေးပြီး လူသစ်ရောက်လာတာ၊ ကာလရှည်ကြာပျောက်နေသူတွေ ပြန်ရောက်လာတာမျိုးဆို အထူးသတင်းပေးဖို့လိုမှာပါ။ သတင်းမပေးဘူးကွာ။ ငါတို့အိမ်တွေ၊ လယ်တွေ၊ ပိုင်ဆိုင်မှုတွေ အသက်နဲ့ဘဝ ပျက်စီးလည်း ဘာမှမဖြစ်ဘူးဆိုပြီး ငရဲပန်းကို ရွှေပန်းထင်တယ်ဆိုလည်း အဖို့ပါလို့ တစ်နိုင်ငံလုံးကပ်သုံးပါးဆိုက်နေချိန်မှာ ပိုဆိုးတဲ့ AA နဲ့ NUG ဘေးကို ဧရာဝတီကစ တစ်နိုင်ငံလုံးခံကြပေတော့လို့ပဲ ပြောရမှာပါ။
◾ အိမ်နီးချင်းနိုင်ငံတွေက ဖြစ်စေချင်ကြတဲ့ရွေးကောက်ပွဲ
ဒီဇင်ဘာ ၁၉ ရက်မှာ ကျင်းပခဲ့တဲ့ အာဆီယံအလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ၂၀၂၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲအစီအစဥ်အကြောင်း ရှင်းလင်းပြောကြားခဲ့သလို ပြင်ပနိုင်ငံတွေက ရွေးကောက်ပွဲစောင့်ကြည့်သူတွေ ဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ့်အကြောင်း ပြောပြခဲ့တယ်လို့ ဘန်ကောက်ပိုစ်သတင်းစာမှာ ဖော်ပြထားပါတယ်။ ထိုင်းကဦးဆောင်ပြီး လုပ်ဆောင်နေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲနှစ်ခုကို ဒီရက်သတ္တပတ်အတွင်းမှာ လုပ်ဆောင်ခဲ့ပြီး မြန်မာဝန်ကြီးတက်ခဲ့တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဒဏ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ ဆွေးနွေးခဲ့တာပါ။ မြန်မာနိုင်ငံခြားရေးဝန်ကြီးက SAC အစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံ၊ သန်းခေါင်စာရင်းကောက်ခံနိုင်ခဲ့ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုနဲ့ နိုင်ငံရေးပါတီ ၅၃ ခု မှတ်ပုံတင်နိုင်ခဲ့တဲ့ တိုးတက်မှုတွေအကြောင်း ရှင်းပြခဲ့တယ်လိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆမ်ဂိုင်ပွန်ဆာက ပြောပါတယ်။ SAC အစိုးရ လုပ်ဆောင်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတုအယောင်ရွေးကောက်ပွဲလို ဝေဖန်မှုတွေရှိပေမဲ့ ဆွေးနွေးပွဲမှာပါဝင်တဲ့ မြန်မာ့ စစ်ဘေးပဋိပက္ခရဲ့ မငြိမ်သက်မှုဒဏ်ခံနေရတဲ့ အိမ်နီးချင်းနိုင်ငံအားလုံးကတော့ SAC အစိုးရရဲ့ ရွေးကောက်ပွဲ အစီအစဉ်အပေါ် တုံပြန်မှုဟာ အလုံးစုံ အပြုသဘောဆောင်တယ်လိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး နိုင်ငံအားလုံးဟာ အကျပ်အတည်းအတွက် လျင်မြန်တဲ့ အဖြေကို လိုချင်နေကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
KNU/KNLA ၊ KTLA အဖွဲ့ဝင် လက်နက်ကိုင်က ထိုင်းနိုင်ငံ အုန်းဖန်မှာ ဗုံးခွဲဲပြီး PDF က ထိုင်းနိုင်ငံအတွင်း လုပ်ကြံသတ်ဖြတ်မှုလုပ်ဆောင်လာတာ၊ ဘင်္ဂလားဒေ့ရှ်ကို မူးယစ်ဆေးဖြန့်နေတဲ့ AA က ကုန်သွယ်ဖို့ ကြိုးပမ်းလာတာကို ဘင်္ဂလားဒေ့ရှ်လက်မခံတာ၊ KIA ၊ MNDAA ၊ TNLA က တရားဝင်အစိုးရသဖွယ် နယ်စပ်ဂိတ်သိမ်းပြီး ကုန်သွယ်ဖို့လုပ်လာလို့ တရုတ်ဝန်ကြီးချုပ်လီချန်ကိုယ်တိုင်က နှစ်နိုင်ငံနယ်စပ်ဂိတ်တွေက နှစ်နိုင်ငံအစိုးရပဲ ထိန်းချုပ်ရမယ်လို့ ပြောလာတာတွေ၊ ထိုင်း၊ အိန္ဒိယနဲ့ လာအိုအစိုးရကလည်း SAC ရဲ့ ရွေးကောက်ပွဲကို ထောက်ခံလာတာတွေရဲ့ အရင်းခံက လက်နက်ကိုင်တွေရဲ့ စည်းကမ်းမဲ့ သတ်ဖြတ်လုယက် ခွဲထွက်လိုမှုကြောင့်ပါ။ ဘယ်နိုင်ငံကမှ ကိုယ့်နိုင်ငံရဲ့ ဘေးကနိုင်ငံ အစိပ်စိပ် အမြွှာမြွှာ ကွဲထွက်ပြီး ကိုယ့်နယ်စပ်မျဥ်းမှာ စစ်လာဖြစ်တာ မလိုချင်ပါဘူး။ ဒါကြောင့်လည်း ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ရှိတဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံ မပြိုပျက်ဘဲ ပုံမှန်လည်ပတ်လာနိုင်မယ့် ရွေးကောက်ပွဲကို အားပေးနေတာဖြစ်ပြီး အထူးအကြံပြုချင်တာကတော့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို တစ်ကမ္ဘာလုံးဖိတ်ဖို့ပါ။ တစ်ကမ္ဘာလုံးက ရွေးကောက်ပွဲစောင့်ကြည့်သူတွေလာလည်း EAO နဲ့ PDF တွေက သူတို့လုပ်တတ်သလိုပဲ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှာဖြစ်ပြီး ဒီလိုတိုက်ခိုက်မှုနဲ့ တစ်ကမ္ဘာလုံးစောင့်ကြည့်နိုင်မှုဟာ ရွေးကောက်ပွဲရဲ့ မှန်ကန်မှုနဲ့ အကြမ်းဖက်သမားတွေ ရှိတဲ့နေရာ မငြိမ်းချမ်းတာလို့ ကမ္ဘာကို သက်သေပြနိုင်မှာဖြစ်ကြောင်း ပြောချင်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။