၂၂. ၁၂.၂၀၂၄
Written by Hey Mar
YBS ယာဉ်ပေါ်ကအဆင်း ခြေခေါက်လဲတဲ့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ကားက ခြေထောက်ကို ပြန်ကြိတ်မိတဲ့ ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ယမုံနာလမ်းမကြီး ကျောက်တိုင်မှတ်တိုင်အနီးမှာ မနေ့က ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ကရုဏာကမ်းလက် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ကားပေါ်က အဆင်းထိခိုက်မိတဲ့ အမျိုးသမီးကြီးမှာ အသက် (၅၀)ဝန်းကျင်အရွယ်ဖြစ်ပြီး ကားနဲ့ ကြိတ်မိတဲ့အတွက် ညာခြေထောက် ခြေဖျား အရိုးကျိုးကြေ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ကရုဏာကမ်းလက် လူမှုကူညီရေး အသင်းဥက္ကဋ္ဌဦးဇင်လင်းမောင်က “ကျွန်တော်တို့ကို ဖုန်းဆက်အကြောင်းကြားလို့ ရောက်တဲ့အချိန် ဆယ်မိနစ်လောက်တော့ ကြာသွားတာပေါ့။ ရောက်တော့ လူနာက သတိလစ်နေတယ်။ သတိရအောင် ပြုစုပြီး သွေးထွက်မလွန်အောင် ရန်ကုန်ဆေးရုံကြီးဆီ အမြန်တင်ပို့ပေးခဲ့ပါတယ်။ အဲ့ဒီ အန်တီကြီး ရဲ့မိသားစုဝင်တွေကို ဆက်သွယ်တဲ့အခါမှာလည်း သမီးဖြစ်သူက အလုပ်သွားဖို့ တစ်ဖက်လမ်းပေါ်က ကျောက်တိုင်မှတ်တိုင်မှာပဲ ဘတ်စ်ကားစောင့်နေတာ။ သူကလည်း သူ့အမေ ဖြစ်နေမယ် မထင်တာပေါ့” လို့ မြေပြင်မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတချို့ကို ပြောပြပါတယ်။