၂၂.၁၂. ၂၀၂၄
Written by Thettant
သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး နေအိမ်တိုက်ခန်းအတွင်း ပုပ်ပွသေဆုံးနေမှု တာမွေမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု Yangon Rescue Organization မှ သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ည ၇ နာရီခွဲခန့်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ ၁၆၃ လမ်းတွင် အသက် ၃၅ နှစ်အရွယ် မခင်ခင်မော်ဆိုသူ အမျိုးသမီးသည် နေအိမ်တိုက်ခန်းအတွင်း ပုပ်ပွ သေဆုံးနေကြောင်း ကြားသိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးမှုပြုခဲ့ကြသည်။ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သေဆုံးခန္ဓာကိုယ်အား လာရောက်သယ်ယူ ရွှေ့ပြောင်းပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ခံမှ အသင်းသို့ အကြောင်းကြားလာသဖြင့် အဆိုပါဖြစ်စဥ်သို့ YRO အဖွဲ့ဝင် “မြန်မာမွတ်စလင်မ်-ပရဟိတအသင်း”မှ နာရေးတင်ယာဥ်နှင့်အတူ စေတနာ့ဝန်ထမ်း ၄ ဦးတို့ ကူညီရန် သွားရောက်ခဲ့ကြသည်ဟု သိရသည်။
တစ်ဦးတည်းနေ သေဆုံးသူအမျိုးသမီးမှာ လွန်ခဲ့သော ၄ ရက်ခန့်ကတည်းက သေဆုံးနေခြင်းဖြစ်သည်ဟုလည်း ကနဦးသိရပြီးနောက် သေဆုံးသူအား နေအိမ်မှ စံပြဆေးရုံကြီး ရေခဲတိုက်သို့ မြန်မာမွတ်စလင်မ်-ပရဟိတအသင်းက ပို့ဆောငိကူညီခဲ့ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် တာဝန်ရှိသူများက ဆက်လက် စိစစ်နေကြောင်း သိရသည်။
ဓာတ်ပုံ – မြန်မာမွတ်ဆလင်မ်ပရဟိတအဖွဲ့