၂၂. ၁၂. ၂၀၂၄
Written by Nyein Kyaw
စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် လက်ရှိ ရန်ကုန် တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ယင်းကဲ့သို့ ထိန်းသိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။
ယခင်က အိမ်အရောက်ပို့စနစ်တွင် ဖုန်းလက်ခံသူ ၁၀ ယောက်ဝန်းကျင်ဖြင့် အော်ဒါလက်ခံနိုင်မှု တစ်ရက်လျှင် ၆၀၀ ဝန်းကျင်သာရှိခဲ့ရာမှ လက်ရှိတွင် ဖုန်းလက်ခံသူဦးရေ ၆၀ ဝန်းကျင်ဖြင့် အော်ဒါလက်ခံနိုင်မှု တစ်ရက်လျှင် ၁၀,၀၀၀ ဝန်းကျင်အထိ လက်ခံနိုင်နေပြီး အိမ်ရောက်ပို့နိုင်မှုအခြေအနေမှာ တစ်ရက်လျှင် အော်ဒါ ၆,၀၀၀ ခန့်ရှိသောကြောင့် တစ်လလျှင် အိမ်ထောင်စု ၁၅၀,၀၀၀ ဝန်းကျင်အတွက် ဆောင်ရွက်ပေးနိုင်နေပြီဖြစ်ကြောင်း MEODA ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။
ထို့အတူ ဆီဝယ်ယူခွင့်စာအုပ်များ ထုတ်ပေးခဲ့ပြီး စာအုပ်လက်ဝယ်ရှိသူများအား တစ်လလျှင် ဆီ ၂ ပိဿာမှ ၃ ပိဿာအထိ ပုံမှန်ထုတ်ယူခွင့်ပေးခဲ့သောကြောင့် ပုံမှန်ဆီအလွယ်တကူဝယ်ယူခွင့် ရရှိလာခဲ့၍ ယခင်ကဲ့သို့ စိုးရိမ်မှုဖြင့် ဆီများကို ကြိုတင်ဝယ်ယူစုဆောင်းမှုများလည်း လျော့ကျလာခဲ့ကြောင်း သိရသည်။
“ဒါကြောင့်မို့ စားသုံးဆီဈေးကတော့ ရန်ကုန်တိုင်းမှာတော့ ကျွန်တော်တို့ တော်တော်လေးကို ထိန်းသိမ်းပြီးတော့ ဆောင်ရွက်နိုင်တဲ့အပိုင်းလေး ကျွန်တော့်အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်မှာလည်း အဲဒါမျိုးဖြစ်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနဲ့လည်း အသင်းနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အစီအစဉ်တွေရှိပါတယ်” ဟု ဦးဆန်းလင်းက ပြောသည်။
ထို့ပြင် စက်မှုလုပ်ငန်းသုံးဆီ (မုန့်လုပ်ငန်း၊ စားသောက်ဆိုင်၊ ဟိုတယ်များတွင် သုံးသောစားသုံးဆီ) များကို စက်မှုလုပ်ငန်းသုံးအတွက် ရောင်းချနိုင်ရန်အတွက် စနစ်တကျ စာရင်းကောက်ခံပြီး ရောင်းချပေးနိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း၊ သို့သော် လက်ရှိ အများပြည်သူများအတွက် သတ်မှတ်ပေးနေသည့် အခြေခံရည်ညွှန်းဈေးနှုန်းနှင့် မတူညီဘဲ သီးခြားသတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“စက်မှုလုပ်ငန်းသုံးဈေးကတော့ ဗဟိုဘဏ်ကနေ ၂၁၀၀ နဲ့ မရောင်းချပေးဘူး။ သူ့ရဲ့ ပို့ကုန်ရငွေနဲ့ပဲ ဝယ်ရတာဖြစ်တဲ့အတွက်ကြောင့် စက်မှုလုပ်ငန်းသုံး စားသုံးဆီဈေးကတော့ အခုချိန်မှာ သူ့ရဲ့ သတ်မှတ်ရည်ညွှန်းဈေးက တစ်ဈေးဖြစ်ပါတယ်။ အများပြည်သူများကို ဖြန့်ဖြူးတဲ့ ဈေးကတော့ တစ်ဈေးဖြစ်တယ်ဆိုတာလေးလည်း ပြောကြားချင်ပါတယ်” ဟု ဦးဆန်းလင်းက ပြောသည်။
ပြည်တွင်း၌ တစ်လလျှင် ပြည်ပမှတင်သွင်းသည့် စားသုံးဆီတန်ချိန် ၇၀,၀၀၀ အထိ တစ်ပြိုင်တည်း သိုလှောင်နိုင်မှုရှိပြီး လက်ရှိတွင် အများပြည်သူ စားသုံးမှုအတွက် တန်ချိန် ၃၄,၀၀၀ ဝန်းကျင်နှင့် စက်မှုလုပ်ငန်းသုံးအတွက် တန်ချိန် ၁၅,၀၀၀ ခန့်ဖြင့် စုစုပေါင်းတန်ချိန် ၅၀,၀၀၀ ဝန်းကျင်သာ တင်သွင်းမှုရှိသည်။ ၂၀၂၅ တွင် ပြည်ပမှ စားသုံးဆီတင်သွင်းမှုများကို လျှော့ချပြီး ပြည်တွင်း၌ တိုးတက်ထုတ်လုပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအပတ်အတွက် သတ်မှတ်ထားသည့် စားအုန်းဆီရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၇၂၅၀ အပေါ် အများဆုံး ၁၀ ရာခိုင်နှုန်းသာ အမြတ်တင်ရမည်ဖြစ်၍ ပြင်ပဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာ ကျပ် ၈,၀၀၀ အောက်သာ ရောင်းချရမည်ဖြစ်သည်။
ပြည်တွင်းထုတ် မြေပဲဆီများသည် အမျိုးအစား၊ ထုတ်ပိုးမှုပုံစံအပေါ်မူတည်၍ တစ်ပိဿာ ကျပ် ၁၆,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင်ကြားရှိပြီး ပြည်ပမှတင်သွင်းသည့် အခြားစားသုံးဆီများမှာ အမျိုးအစား၊ တံဆိပ်အပေါ်မူတည်၍ တစ်ပိဿာ ကျပ် ၁၇,၀၀၀ မှ ကျပ် ၂၆,၀၀၀ အထိရှိကြောင်း ဆီအရောင်းအဝယ်ဈေးကွက်အတွင်း ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။