၂၁. ၁၂. ၂၀၂၄
Written by Phyo Wei
သဘာဝဘေးနဲ့ နယ်မြေမတည်ငြိမ်မှုကြောင့် စီးပွားရေးကဏ္ဍအချို့ ထိခိုက်မှုရှိခဲ့ပေမဲ့လည်း လက်ရှိ ဘဏ္ဍာနှစ် ခြောက်လအတွင်း GDP တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားလာတဲ့ ဒီရက်သတ္တပတ်မှာပဲ တိုင်းနဲ့ပြည်နယ် သမဝါယမအသင်းစုချုပ်တွေက အခုဘဏ္ဍာနှစ်မှာ ပေးသွင်းဖို့ကျန်နေတဲ့ ချေးငွေ ကျပ် ၄၃ ဘီလျံကျော်ကို သတ်မှတ်ထားတဲ့ ပမာဏအတိုင်း အပြေအကြေပေးသွင်းဖို့ သမဝါယမဒုဝန်ကြီးက သတိပေးတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ စီးပွားရေးပညာတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် သင်ကြားဖြန့်ဖြူးပေးဖို့လိုအပ်တယ်လို့ SAC ဥက္ကဋ္ဌက ပြောကြားလာတာ၊ နိုင်ငံခြားငွေဈေးကွက် တည်ငြိမ်ရေးအပြင် အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်မှုနဲ့ ဈေးနှုန်း အဆမတန် မြင့်တက်မှုမရှိစေရေး အဓိကအလေးပေး ဆောင်ရွက်နေတယ်လို့ စီမံဘဏ္ဍာဝန်ကြီး ပြောကြားလာတာ၊ အခုဘဏ္ဍာနှစ် ရှစ်လအတွင်း ပို့ကုန်လျာထားချက် ၆၀ ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့ပြီး ကျန်ကာလအတွင်း လျာထားချက်ပြည့်မီအောင် ပို့ကုန်နှစ်ဆတိုးမြှင့် ဆောင်ရွက်ရမယ်လို့ စီးပွား/ကူးသန်းဝန်ကြီး ပြောကြားလာတာ၊ လက်ခစားအပ်ကုန်စနစ်နဲ့ ပြည်ပကတင်သွင်းတဲ့ ကုန်ကြမ်းပစ္စည်းနဲ့ ထုပ်ပိုးပစ္စည်းတွေအပေါ် အကောက်ခွန်အားလုံး ကင်းလွတ်ခွင့်ပြုမယ်ဆိုတာ၊ တပ်မတော်ချည်မျှင်နှင့် အထည်လိပ်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲက ထွက်ရှိတဲ့ ချည်ချောတွေကို ပြင်ပဈေးကွက်မှာ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးမယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာအပြင် ပြည်တွင်းမှာ Suzuki က SKD ကားအသစ်တွေ ထုတ်လုပ်မယ်ဆိုရာမှာ မြန်မာနိုင်ငံအတွက် ဖြစ်သင့်တဲ့ Ertiga Hybrid အမျိုးအစားကို ကျပ်သိန်း ၁၀၀၀ ကျော်ရုံလေးနဲ့ ထုတ်လုပ်မယ်သတင်းကြောင့် စျေးအဆမတန်ဆွဲတင်ခံနေရတဲ့ ကားစျေးကွက် အကျဘက်နဲ့လှုပ်ခတ်လာတဲ့ဖြစ်စဉ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ စားအုန်းဆီအတွက် အစိုးရကရောင်းချပေးနေတဲ့ဒေါ်လာကို တစ်ဒေါ်လာ ကျပ် ၂၁၀၀ နဲ့ ရောင်းချပေးနေတဲ့အကြောင်း၊ ရွှေဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမယ်ဆို လုပ်ငန်းပမာဏရဲ့ ၂၅ ရာခိုင်နှုန်းငွေကြေးကို ဘဏ်မှာအပ်ထားကြောင်း မူရင်းသက်သေတင်ပြဖို့ လိုအပ်တယ်ဆိုတာနဲ့ AA ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ဖို့ကြိုးပမ်းပေမဲ့ အသိအမှတ်ပြုခံရမှုမရှိတဲ့အပြင် အရေးယူခံရမဲ့ အကြောင်းတွေကို တင်ပြချင်ပါတယ်။
◾ တစ်ဒေါ်လာ ၂၁၀၀ နဲ့ ဝယ်ခွင့်ရနေတဲ့ စားသုံးဆီတင်သွင်းမှု
နိုင်ငံတော်အစိုးရအနေနဲ့ ဒေါ်လာရရှိအောင် ဆောင်ရွက်ပေးထားပြီးဖြစ်လို့ စားအုန်းဆီကို ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းဖို့နဲ့ ဝေးလံတဲ့ဒေသတွေမှာ အဆင့်ဆင့်အမြတ်တင် ရောင်းတဲ့အခါမှာလည်း ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနှုန်းနဲ့ရောင်းချဖို ဒီနေ့ ပြုလုပ်တဲ့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးမှာ အသင်းရဲ့ ဥက္ကဋ္ဌ ဦးဆန်းလင်းက အသင်းသားတွေကို သတိပေးခဲ့ပါတယ်။
လက်ရှိအချိန်မှာ ပြည်ပကနေတင်သွင်းတဲ့ စားသုံးဆီတွေ ပင်လယ်ဝကိုရောက်တာနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးနေပြီး လိုင်စင်ထုတ်ပေးတဲ့ပမာဏရဲ့ ၃၅ ရာခိုင်နှုန်းအတွက် တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ ဒေါ်လာရောင်းချပေးသလို ကျန်ရှိ ၆၅ ရာခိုင်နှုန်းအတွက် Online Trading Platform ကနေ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးနေတာပါ။ ဒီလိုနိုင်ငံခြားငွေဈေးနှုန်းနဲ့ တွက်ချက်တဲ့ ရည်ညွှန်းဈေးနှုန်းတွေကလည်း အလွန်သက်သာမှုရှိပြီး စားသုံးသူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အလွယ်တကူဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးထားတာလို့ ဦးဆန်းလင်းက ပြောပါတယ်။ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ စားအုန်းဆီ ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးနေပြီး ဒီဇင်ဘာလ ၁၆ ရက်ကနေ ၂၂ ရက်အတွင်း ရောင်းချရမယ့် ရည်ညွှန်းဈေးနှုန်းက တစ်ပိဿာ ၇၂၅၀ ကျပ်ပါ။ ပြီးခဲ့တဲ့ကာလတွေမှာ ဆီတင်သွင်းမှုဟာ ကမောက်ကမတွေ၊ စီစဉ်သူတချို့က အမြတ်တင် အပြင်ကို ထုတ်ရောင်းတာတွေကြောင့် ပြင်ပစျေးကွက်မှာ ဆီလိုအပ်သူတွေက စားအုန်းဆီပါ ပဲဆီစျေးနီးနီးဝယ်နေရတာတွေကြောင့် ခက်ခဲတာတွေရှိပေမဲ့ အခုလတ်တလောမှာတော့ ဆီစာအုပ်နဲ့ တစ်အိမ်ထောင်လစဉ်သုံးပိသာရောင်းပေးနေတာ၊ ဆီလိုအပ်မှုနည်းသူတွေက ပြန်ရောင်းတာကြောင့် ခက်ခဲမှုတချို့ပြေလည်သွားသလို မြေပဲအသစ်စျေးကွက်ဝင်လာတာ၊ ဆီတွေ ပြန်သွင်းနိုင်တာကြောင့် စျေးကြီးပေမဲ့ အရင်ကလောက် ဆီပြတ်လပ်မှုမရှိတော့တာ မြင်ရပါတယ်။
ဒါပေမဲ့လည်း ဆီကုန်သည်အသင်း ဥက္ကဋ္ဌပြောသလိုပဲ နိုင်ငံတော်က ပြည်သူသက်သာအောင် လုပ်ပေးထားချိန်မှာ လုပ်ငန်းရှင်က ဝိသမလောဘနဲ့ အဆမတန် အမြတ်မတင်ရင် အကောင်းဆုံးဖြစ်ပါမယ်။ နိုင်ငံတော်က သက်သာအောင် လုပ်ပေးထားချိန်မှာ ဝိသမ လောဘနဲ့ မမှန်မကန်လုပ်ရင်တော့ ထိထိရောက်ရောက် အရေးယူဖို့ပဲ တိုက်တွန်းရပါမယ်။
◾ လုပ်ငန်းပမာဏရဲ့ ၂၅ ရာခိုင်နှုန်းတင်ရမယ့် ရွှေလိုင်စင်
ဓာတ်သတ္တု (ရွှေ) ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမယ်ဆို လုပ်ငန်းပမာဏရဲ့ ၂၅ ရာခိုင်နှုန်းငွေကြေးကို ဘဏ်မှာအပ်ထားကြောင်း Bank Statement မူရင်း သက်သေတင်ပြဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) က ပြောပါတယ်။ ဒီ ၂၅ ရာခိုင်နှုန်း ပမာဏနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ခက်ခဲကြောင်းပြောနေတာကို မြင်ရပေမဲ့လည်း လက်တွေ့တကယ်ရောင်းဝယ်လုပ်နေတဲ့သူတွေမှာ လုပ်ငန်းပမာဏရဲ့ ၂၅ ရာခိုင်နှုန်းက ခက်ခဲတဲ့ ပမာဏမဟုတ်ဘူးလို့လည်း ရွှေစျေးကွက်အတွင်းကပဲ ကြားသိရပါတယ်။
ဒါပေမဲ့လည်း ရွှေလုပ်ငန်းလုပ်သူတချို့ကတော့ ၂၅ ရာခိုင်နှုန်းတင်ရမယ့် ဒီငွေကို ခက်ခဲတယ်လို့ပြောနေတာလည်း တကယ်ရှိပြီး အဲဒီလိုပြောနေသူတွေရဲ့ ၉၉ ရာခိုင်နှုန်းကတော့ လေပတ်ကားလုပ်သူတွေ၊ ပွဲစားတွေပါ။ သူတို့က ရွှေကို အရင်စျေးထက် ၅ ဆ၊ ၆ ဆ စျေးကစားဆွဲတင်ခဲ့လို့ စျေးပိုကစားဖို့ လျှာလည်နေချိန် ဓာတ်သတ္တု (ရွှေ) ဝန်ဆောင်မှုလုပ်ငန်းကို အစိုးရကဝင်ထိန်းလိုက်တာကြောင့် စျေးကစားဖို့ မလွယ်တော့လို့ ဒီလိုထိန်းကျောင်းမှုကို ပျက်ပြားစေချင်သူတွေပါ။ ဒါကြောင့် သူတို့လို လူထုကြား ခြောက်ခြားမှုလိုချင်တဲ့ NUG နဲ့ သူတို့ စျေးကစားမှုထောက်ခံတဲ့ Exile မီဒီယာတွေကို သွားပြီး ငိုပြနေတဲ့ပုံစံလည်း တွေ့ရပါတယ်။
သူတို့လို ရွှေ၊ ကား၊ ကုန်စျေးနှုန်းနဲ့ အိမ်ခြံမြေစျေး ဆွဲတင်နေသူတွေဟာ အခုဆို ရွှေစျေးကမောက်ကမလုပ်တာနဲ့ အရေးကြီးကုန်စည်နဲ့ ထောင်သုံးနှစ်ချခံရမယ့်ဘေးကိုလည်း ကြောက်လန့်နေရလို့ စျေးမကစားရဲဘဲ မချိတင်ကဲဖြစ်နေရတဲ့ အခြေအနေပါ။ အကောင်းဆုံးစျေးကစားလို့ရသေးတဲ့ ရွှေကို မကစားနိုင်တော့ဘူးဆိုပေမဲ့လည်း လက်ရှိမှာတော့ အစိုးရရဲ့ ရွှေရည်ညွှန်းစျေးကော်မတီက သတ်မှတ်တဲ့ ရွှေစျေးနဲ့ ပြင်ပစျေးက ၇ သိန်းခွဲ ၈ သိန်းလောက် ကွာဟမြဲကွာဟနေတာကို မြင်နေရလို့ ဒီကွာဟချက်ကို ဘယ်လိုထိန်းမလဲဆိုတာတော့ စောင့်ကြည့်ချင်စရာပါပဲ။
◾ ဘင်္ဂလားဒေ့ရှ်ရဲ့ အသိအမှတ်ပြုမခံရတဲ့ AA ကုန်သွယ်မှု
နယ်မြေလုယက်သိမ်းယူမှုတွေကြောင့် အကြမ်းဖက်အဖြစ် သတ်မှတ်ခံထားရတဲ့ AA ကို ဦးထွန်းလင်းစံဆိုသူက AA ကောက်ခံတဲ့ အခွန်ပြေစာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ဆန်တင်သွင်းဖို့ ကြိုးပမ်းတဲ့ ဆန်အိတ် ၃၈၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်မခံခဲ့သလို AA အခွန်ယူထားတဲ့ ဒီဆန်တွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရအာဏာပိုင်တွေကလည်း” AA နဲ့ ကုန်သွယ်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူ ဆွေးနွေးထားတာမရှိသလို ဘင်္ဂလားဒေ့ရှ် ဗဟိုအစိုးရအဖွဲရဲ့ ဆုံးဖြတ်ချက်တွေ မရဘဲ ဆန်တင်ပို့ရောင်းချခွင့်မရှိကြောင်းနဲ့ သက်ဆိုင်ရာ မြန်မာ SAC အစိုးရအဖွဲ့ကို အခွန်ဆောင်လာကြောင်း မှန်ကန်တဲ့ စာရွက်စာတမ်းတွေ မပြသနိုင်ရင် AA ဆီ အခွန်ဆောင်ပြီး လာတင်ပို့တဲ့ ဆန်နဲ့ ဆန်တင်လာတဲ့ မော်တော်ကို သိမ်းဆည်းမှာ”လို့ ပြောလာတဲ့ဖြစ်စဉ်ကို တွေ့မြင်ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်ကို AA တိုက်ခိုက်သိမ်းယူချိန်ကစ ရခိုင်ပြည်သူတွေဟာ အငတ်ဘေး၊ စစ်ဘေး၊ နေစရာစားစရာမရှိတဲ့ဘေး၊ ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်တဲ့အပြင် ကုန်စည်ပြတ်လပ်တဲ့ဘေးနဲ့ AA လက်နက်ကိုင်တွေရဲ့ ဆက်ကြေးကောက်၊ စစ်သားစုဆောင်းတဲ့ဘေးတွေ၊ နေအိမ်ဖောက်ထွင်းမီးရှို့တဲ့ဘေးတွေကိုပါ လည်စင်းခံနေရတာပါ။ AA ဟာ ရခိုင်ပြည်သူအကုန်လုံးက ပြည်မပဲ စစ်ပြေးချင်တာကိုလည်း လက်မခံဘဲ ဒီပြည်သူတွေရှိမှ အုပ်ချုပ်လို့ရ၊ လူသားဒိုင်းလုပ်လို့ရမှာမို့လို့ ရခိုင်ပြည်သူတွေကို စစ်ဘေးဒုက္ခတောမှာ လူသားဒိုင်းအဖြစ် လည်စင်းခံခိုင်းနေတဲ့ပုံစံလည်း မြင်ရပါသေးတယ်။
လက်ရှိမှာလည်း AA လို အကြမ်းဖက် လက်နက်ကိုင်တင်မဟုတ်ဘဲ နယ်စပ်စခန်းတွေ လုယူထားတဲ့ တရုတ်နယ်စပ်က အကြမ်းဖက် MNDAA၊ TNLA ၊ KIA တို့ကလည်း တရုတ်အစိုးရရဲ့ အသိအမှတ်အပြုမခံရမှုနဲ့ ကုန်စည်ကူးသန်းခွင့် ပိတ်ပင်ခံနေရတာပါ။ အိမ်နီးချင်းနိုင်ငံတွေအားလုံးဟာ မူးယစ်ဆေး အဓိကရောင်းဝယ်ဖောက်ကား ငွေရှာပြီး စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လူသတ်ဆက်ကြေးတောင်းနေတဲ့ AA လို တိုင်းရင်းသားလက်နက်ကိုင်တွေအစား ဗဟိုအစိုးရနဲ့ပဲ ထိတွေ့ဆက်ဆံချင်တာကလည်း သိသာနေတာပါ။ ဒါကြောင့် AA လို မူးယစ်ရာဇာတွေက နယ်မြေသိမ်းနိုင်လာပေမဲ့ နိုင်ငံတစ်ခုက အသိအမှတ်ပြုရမဲ့ အဆင့်မရှိသေးလို့ AA ရဲ့ မူးယစ်ဆေးဖြန့်ချိမှုဒဏ် ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်က လက်မခံတာပါ။ ဒီအခြေအနေဟာ AA က ရခိုင်ကို သိမ်းပိုက်မှ လွတ်မြောက်မယ်ထင်နေကြတဲ့ ရခိုင်ကလူတွေအဖို့တော့ နယ်မြေသိမ်းပြီး ညှိယူဖို့ ကြံနေတဲ့ AA ကို ထောက်ခံမိမှားတာကြောင့် အငတ်ဘေး၊ အသက်ဘေးတွေကို ကာလရှည် ရင်စည်းခံနေရမယ်ဆိုတာလည်း အသေအချာပါပဲလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။