၂၁.၁၂.၂၀၂၄
Written By Thandar
အချစ်ဟာသဇာတ်လမ်းပုံစံ “နာရီ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ရှိ ကျိုက္ကဆံစေတီတော်အောင်မြေမှာ ကျင်းပခဲ့ရာ ဇာတ်လမ်းတွဲမှာ ပါဝင်ကြတဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။
“နာရီ ဇာတ်လမ်းက ပထမတုန်းက ကျွန်တော်ရိုက်တယ်။ ဒုတိယကားကြတော့ ထွန်းထွန်း ရိုက်တယ်။ အခုက တတိယမြောက် နာရီ ဇာတ်ကားပေါ့။ ဒီကားမှာတော့ ထုတ်လုပ်ရေးဘက်ကလည်း ဒီကားမှာ ရိုက်မယ့်သူက မြင်နေကြသူလည်း မဖြစ်စေရဘူး။ ဟာသပိုင်းမှာလည်း ပိုင်နိုင်တဲ့သူလည်း ဖြစ်ရမယ်ဆိုပြီး ပြောလာတော့ ကျွန်တော်အနေနဲ့ စဉ်းစားကြည့်လိုက်တော့ ဒီနေရာမှာ ဒိုပေါက်ဆိုရင် လိုက်ဖက်မယ်လို့ စဉ်းစားမိပြီး ဒိုပေါက်ကို နာရီနေရာကထားပြီး ရိုက်ကူးဖြစ်တာပါ”လို့ ဒါရိုက်တာ သားညီက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကို စီစဉ်သူ ကိုမျိုးမျိုး( တောင်ကြီး) က စီစဉ်ပြီးတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်း ဦးတင်ငြိမ်း (ရှုမဝ)၊ ဆူးခက်မင်း ရေးသားပြီး လက်ထောက်ဒါရိုက်တာ ဝင်းမြင့်ဦး၊ ဒါရိုက်တာသားညီက သရုပ်ဆောင်တွေ ဖြစ်တဲ့ ဒိုပေါက်၊ လင်းသစ်အောင်၊ ဆောင်းဝတ်ရည်မေ၊ အနှစ်၊ ကေညီ၊ ဆူးခက်မင်း၊ မောင်ကင်း၊ ပီယ၊ နိုင်စေရ၊ အောင်ပြည့်လျှံ၊ အောရိန်၊ ထူးဝင့်သန္တာ၊ မို့မို့၊ ဧည့်သည်သရုပ်ဆောင် သားညီ၊ ဖူးစုံနဲ့ အနုပညာရှင်များစွာက ပါဝင်ထားကြမှာဖြစ်ပါတယ်။
“နာရီ” ဇာတ်လမ်းတွဲကိုတော့ မကြာမီ ရန်ကုန်မြို့ နဲ့ မှော်ဘီမြို့နယ်ဘက်တို့မှာ ရိုက်ကူးပုံဖော်သွားမယ်လို့လည်း သိရပါတယ်။