၂၁.၁၂.၂၀၂၄
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုရရှိလာကြတဲ့ သရုပ်ဆောင် ဆန်နီသင်စိုး@ ထက်နေချမ်းနဲ့ ခိုင်သီရိကျော်@ကြယ်စင်တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ကျောက်ကုန်းလမ်းမပေါ် မဂ္ဂင်လမ်းထောင့်က သုခါပဋိပဒါ သဒ္ဓမ္မရံသီရိပ်သာကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“ကိုယ့်အပေါ်မှာ နားလည်မှုတွေ အပြည့်ပေးတာမို့ လက်ထပ်ဖြစ်လိုက်ကြတာပါ။ နှစ်ယောက်သားက မေတ္တာအစစ်မို့ နှစ်ယောက်လက်တွဲဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ငယ်ငယ်လေးကတည်းက ကြည့်ခဲ့ ကြွေခဲ့ရတဲ့ ကိုကြီးက တစ်နေ့မှာ ကိုယ့်ရဲ့ခင်ပွန်း ဖြစ်သွားပြီလေ။ နှစ်ယောက်ကြားမှာ ကိုကြီးက သည်းအခံဆုံး လူသားပေါ့နော်။ ဘယ်လောက်ထိချစ်လဲလို့ မေးရင် အချိန်ကြာလာရင် သိလိမ့်မယ်ဆိုပြီး အဲတစ်ခုပဲ ဖြေတယ်။ ကိုယ့်ထက်တော့ အသက် ၂ နှစ်ပဲ ကွာတာပါ။ ကိုယ်ကလည်း ဆွဲဆောင်မှုမရှိပေမယ့် ကိုယ့်ကို ချစ်ပေးလို့လည်း ပျော်ရပါသလို ကျေနပ်ရပါတယ်”လို့ သရုပ်ဆောင် ကြယ်စင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကိုတော့ နှစ်ဖက်သော မိဘ၊ မိတ်ဆွေသင်္ဂဟတွေနဲ့ အနုပညာရှင်မောင်နှမတွေဖြစ်ကြတဲ့ သုတအောင်၊ လပြည့်၊ ဖြိုးရာဇာနိုင်၊ ဗီဗာဟိန်းတို့စုံတွဲ၊ မှုးထိပ်ထား၊ ရွှန်းလဲ့ကိုကို၊ စနိုးကြည်ဖြူ စတဲ့သူတွေ လည်းတက်ရောက်ခဲ့ကြပါတယ်။