၂၁.၁၂.၂၀၂၄
Written By Thandar
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေအမှတ် ၅၉/ ၂၀၂၄ နဲ့ရုပ်ရှင်ဖန်တီးထုတ်လုပ်သူတွေနဲ့ သရုပ်ဆောင်အနေနဲ့ ပါဝင်ကြတဲ့ ရုပ်ရှင်ဥပဒေကို ပြင်ဆင်ဖြည့်စွက်မှုတွေကို ဒီဇင်ဘာ ၂၀ ရက်က ပြဋ္ဌာန်းအသိပေး ကြေညာချက်ထုတ်ခဲ့ပါတယ်။
“အရင်တုန်းကတော့ ဦးဆောင်ညွှန်ကြားရေးမှူးကိုး။ ခုကတော့ ညွှန်ကြားရေးမှူးချုပ်ပေါ့။ ဦးဆောင်ညွှန်ကြားရေးမှူးကတော့ စီးပွားရေးအပိုင်းတွေပါတယ်။ ညွှန်ချုပ်ကြတော့ စီးပွားရေးအပိုင်းတွေမပါဘူး။ ရိုးရိုးလုပ်ငန်းပေါ့။ အဲလိုသဘောပါ။ ဟိုတုန်းက ဦးဆောင်ညွှန်ကြားရေးက ဦးဆောင်တယ်။ ခုက ညွှန်ကြားရေးလုပ်တယ်ဆိုတာပါပဲ။ ခုနောက်ပိုင်း မီဒီယာတွေကလည်းများလာတာမို့ တိုးချဲ့လုပ်ကိုင်မယ့်သဘောပေါ့ ထင်တယ်။ တချို့ ပြစ်ဒဏ်တွေ တိုးထားတာလည်း ရှိတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက MT Entertainment ကို ပြောပါတယ်။
ရုပ်ရှင်ဥပဒေ ပုဒ်မ ၂ ရဲ့ ပုဒ်မခွဲ (က)၊ (ခ) နဲ့(ဇ) တို့ကို အစားထိုးမှုတွေပြုလုပ်ခဲ့ပြီး ပုဒ်မခွဲ(ဇ) နောက်မှာလည်း ပုဒ်မခွဲ(စျ)အနေနဲ့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်ဆိုခြင်းနဲ့ ပတ်သက်ပြီး ဖြည့်စွက်မှုတွေပြုလုပ်ခဲ့တာပါ။
ဒ့ါအပြင် ရုပ်ရှင်ဥပဒေ ပုဒ်မ ၃ရဲ့ ပုဒ်မခွဲ(က)နဲ့ ပုဒ်မခွဲ(ဃ)မှာပါရှိတဲ့ စကားရပ်တွေကိုလည်း အစားထိုးမှုတွေပြုလုပ်ခဲ့ပြီး ပုဒ်မ(၈)ခုနဲ့ ပုဒ်မခွဲ(၂)ခုတို့လည်း ပါဝင်ပါတယ်။
“မြန်မာ့ရုပ်ရှင်လုပ်ငန်း”ဆိုတဲ့ စကားရပ်နေရာမှာ “ဦးစီးဌာန”လို့ အစား ထိုးခဲ့သလို ရုပ်ရှင်လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ပြတာ၊ ဆင်ဆာလက်မှတ်မရှိဘဲ ရုပ်ရှင်ပြတာတွေပြုလုပ်ရင် ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ပြီး ထပ်မံကျူးလွန်ရင် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီအပြင် ရုပ်ရှင်ဥပဒေပုဒ်မ ၄ရဲ့ ပုဒ်မခွဲ(ဇ) နောက်မှာလည်း ပုဒ်မခွဲ(စျ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)တို့ကို ထပ်မံဖြည့်စွက်ခဲ့ပြီး ပုဒ်မ ၅ ၊ ပုဒ်မ ၈ ၊ ပုဒ်မ ၁၀ ၊ ပုဒ်မ ၂၈ တို့မှာပါရှိတဲ့ စကားရပ်တွေကိုလည်း အစားထိုးမှုတွေပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီအချက်တွေကို လုပ်ဆောင်ရင် သတိပေးတာဖြစ်စေ ရုပ်ရှင်ရိုက်ခွင့် အနည်းဆုံး ၁ နှစ်ကနေ ၃ နှစ်အထိ ပိတ်ပင်တာ ၊ အမိန့်နှစ်ရပ်လုံးကိုလည်းချမှတ်နိုင်တယ်လို့ ဖော်ပြပါတယ်။
ပြင်ဆင်ချက်ကတော့ ပြည်တွင်းမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကို ဆင်ဆာလက်မှတ်မရှိဘဲ ပြည်ပကိုတင်ပို့တာ ဒါမှမဟုတ် ပြည်ပမှာပြသတယ်လို့ ပြစ်မှုထင်ရှားရင် ၃ နှစ်အထိ ထောင်ဒဏ် ၊ အနည်းဆုံး ကျပ် ၇ သိန်း ကနေ အများဆုံး ကျပ် ၁၀ သိန်းအထိ ဒဏ် ၂ ရပ်လုံးကို ချမှတ်ရမယ်လို့ ပါရှိပါတယ်။
ရုပ်ရှင်ဆင်ဆာအဖွဲ့က ဖြတ်တောက်ပြုပြင်စေချင်တာကို မပြင်ခဲ့ရင်လည်း ထောင်ဒဏ်၊ ငွေဒဏ်တွေချမှတ်ဖို့ ရုပ်ရှင်ဥပဒေပြင်ဆင်ချက်ထဲမှာ ထည့်သွင်းထားပါတယ်။
ရုပ်ရှင်ဥပဒေ အခန်း(၇)ရဲ့ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနဲ့ အယူခံခြင်းတို့ကို ပါဝင်တဲ့ ပုဒ်မတွေကို အခန်း(၈)ရဲ့ ပြစ်မှုနဲ့ပြစ်ဒဏ်တွေ
ကိုလည်း ပြင်ဆင်ဖြည့်စွက်မှုတွေဖြစ်တဲ့ ရုပ်ရှင်ဥပဒေကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။